Thursday, February 7, 2013

မိုင်းယောင်း မဲဆန္ဒအမှတ် ၁ နယ်မြေ ပြည်နယ်လွှတ်တော်အမတ် ကျိုင်းတုံ၌ကွယ် လွန်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းအင် အသက် ၄၆ နှစ် သည် ဖေဖေါ်ဝါရီလ ၄ ရက်နံနက်ပိုင်း၌ရုတ် တရက် ကွယ်လွန်သွားကြောင်း ကြားသိရပါသည်။

“ဆေးကုဖို့ ကျိုင်းတုံမြို့ကို သူတို့လင်မယားရောက်လာတယ်။ ဆေးတောင်မကုရသေးဘူး၊ သူတို့လာတည်းတဲ့အထက ၃ ကျောင်းနောက် က အိမ်မှာဘဲ ကွယ်လွန်သွား တာ” - ဟု ကျိုင်းတုံမြို့ ကျားဖြူပါတီ ဥက္ကဌ စိုင်းယွက် ကပြောပါသည်။

အသည်းခြောက်ရောဂါဝေဒနာဖြင့် ကွယ်လွန်သော စိုင်းအင်၏ ရုပ်အလောင်းအား ကျိုင်းတုံမှ မိုင်းယောင်းမြို့သို့ ပြန်လည် သယ် ဆောင်ကာ ယနေ့ ဖေဖေါ်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် သင်္ဂြိုလ်မည်ဟု မိုင်း ယောင်းမြို့ ကျားဖြူပြည်သူ့လွှတ်တော်အမတ် စိုင်းစောတင်က ပြောပါသည်။

“သူကျိုင်းတုံလာတာ အဓိက အကြောင်းရင်း ၂ ခုပေါ့။ တစ်အချက်က စစ်ကိုင်းရွာသစ်ကြီး ကျောင်းသားအဖွဲ့ အာစရိယပူဇော်ပွဲ အတွက်လာ တယ်၊ နှစ်အချက်ကတော့ ဆေးစစ်ဖို့ပေါ့။ ၃ ရက်နေ့ညက ကျိုင်းတုံရောက် တယ်။ ၄ ရက်နေ့မနက်ပိုင်းက ကော်ဖီ နဲ့ မှုန့်မနက်စာ စားပြီး ခေါင်းကိုက်တယ်တဲ့။ ခဏမှေးလိုက်ဦးမယ် ပြောပြီး သွားအိပ်တယ်တဲ့။ ၇ နာရီကျော် ကျနော်သူ့ဆီသွားတော့ သူ့အမျိုးသမီးက သူ့ကိုသွား ခေါ်ကြည့်တော့ အသက် မရှိ တော့ဘူး။ သူ့မှာအသည်း ခြောက်ရောဂါခံစားနေတယ်လို့ သူ့အမျိုး သမီးက ပြောတယ်” - သံလွင်အနောက်ခြမ်းမှ ကျိုင်း တုံသို့ ရောက်ရှိနေသည့် ကျားဖြူ ပါတီဝင် တဦးကပြောပါသည်။

သေဆုံးသူ ခရစ်ယာန်ဘာသာဝင် သျှမ်းလူမျိုး စိုင်းအင်သည် ဂျွန် ၃ ရက် ၁၉၆၇ ခုမွေးဖွားပါသည်။ ဖခင် မှာ ဦးအားခိုဖြစ်ပြီး မိခင်မှာ ဒေါ်အီ လွန်ဖြစ်ပါသည်။ စိုင်းအင်တွင် ဇနီး နန်းခမ်းလုံ သမီး နန်းနွံမိုင်း၊ သား စိုင်းအောင်လင်းတို့ ရှိပြီး မိုင်းယောင်းမြို့ အမှတ် ၁ ရပ်ကွက် ၌ နေထိုင် ပါသည်။

စိုင်းအင်သည် အခြေခံပညာကို မိုင်းယောင်းမြို့ ရပ်ကွက် (၁) အမက၊ မိုင်းယောင်း အလက နှင့် စစ်ကိုင်းတိုင်းရွာသစ်ကြီးပြည်ထောင်စုတိုင်း ရင်းသားများဖွံ့ဖြိုးရေးသိပ္ပံတို့တွင် သင်ယူခဲ့ရာ ဒဿမတန်းအောင် မြင်ခဲ့ သည်။ ၁၉၈၉ ခုမှ ၁၉၉၅ အထိ ဝမ့်ယွက် အမက နှင့် ဝမ့်ဒေ အမက တို့တွင် မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၁၀ တွင် ကျားဖြူပါတီဝင်ကာ ရွေး ကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ ပြည် နယ်လွှတ်တော်အမတ် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ရွေးကောက် တင်မြောက်ခြင်းခံခဲ့ရသည်။

လွှတ်တော်ကိုယ်စားလှယ် တဦး နှုတ်ထွက်ပါက (သို့) ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်ကို ဥပဒေ အရဆုံးရှုံးပါက(သို့)တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းခံရပါက(သို့) ကွယ်လွန်အနိစ္စရောက်ခဲ့ပါက လွှတ်တော်ဥက္ကဌမှ လွှတ်တော်ကိုယ်စား လှယ်လစ်လပ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေငြာရမည်။ လစ်လပ်ကိုယ်စားလှယ်နေရာတွင် အစား ထိုးရွေးကောက် တင် မြောက်နိုင်ရေးအတွက်ကော်မရှင်အဖွဲ့ခွဲမှတဆင့် ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်သို့ အကြောင်းကြား ရမည်ဟု တိုင်း/ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေတွင် ပြဌာန်းထားပါသည်။

No comments: