Saturday, February 16, 2013

“တရှက်က နှစ်ရှက်”

မစပ်စု

မစပ်စုတို့ ရွှေနိုင်ငံကြီးမှာ တိုးတက်မှုတွေ ပြောင်းလဲမှုတွေ ထဲမှာ လူငယ် လူလတ် အမျိုးသမီး အမျိုးသားတွေရဲ့ ပွင့်လင်း မြင်သာတဲ့ ပုံရိပ် တွေကို ရည်ရွယ်ချက်ရှိရှိ ခိုးဝှက် ရိုက်ကူးလို့ facebook တွေ၊ ဘလော့ ဂ် တွေထက် ဖော်ပြလာကြတာ တွေလည်း ပါမယ်ထင်ပါတယ်။

အရင်က ဒီလို ကိစ္စမျိုးတွေဟာ အနုပညာရှင်တွေ အကြားမှာသာ ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပေမယ့် အခုအခါမှာတော့ သာမန်လူတွေ အတွက်ပါ ဂရုပြုရမယ့် ကိစ္စတရပ် ဖြစ်လာပါပြီ။

နိုင်ငံခြား တိုင်းပြည်တွေက မင်းသမီး၊ မော်ဒယ်လ်တွေရဲ့ ခန္တာကိုယ် မလုံ့တလုံ ဖော်ပြထားတဲ့ ဓာတ်ပုံတွေကို မြန်မာပြည်က မင်းသမီးတွေရဲ့ မျက်နှာတွေနဲ့ ကွန်ပြူတာ အထူးပြုလုပ်ချက် ဖြတ်၊ ညှပ်ကပ်တွေ ကနေ စပြီး တကယ့် ကိုယ့်ရဲ့ ခန္တာကိုယ် အစစ်ကို အသားပေး ဖော်ပြထား တဲ့ မဖွယ်မရာပုံတွေကို ကိုယ်တိုင် ရိုက်ကူး ဖော်ပြခဲ့တဲ့ အနုပညာရှင်တွေ အကြောင်း ကြားဖူးကြမှာပါ။

ရုပ်သေကနေ ရုပ်ရှင်အဖြစ် တိုးတက် ပြောင်းလဲ လာချိန်၊ ကင်မရာတွေရဲ့ နည်းပညာ မြင့်မားလာတာနဲ့ တပြိုင်နက် ကင်မရာတွေကို လွတ် လပ်စွာ အသုံးပြုနိုင်တဲ့ အခုလို အချိန်မှာတော့ အင်တာနက်ပေါ်က မင်းသမီး၊ မင်းသားတွေရဲ့ အပြာဇာတ်လမ်းတွေ အကြောင်း မကြည့်လိုက် ရတဲ့ သူကပဲ ခေတ်မမီတော့သလို ဖြစ်လာခဲ့ပါတယ်။

အနုပညာရှင်တွေရဲ့ လူမမြင်စေချင်၊ မသိစေချင်တဲ့ လျှို့ဝှက်ချက်တွေ အွန်လိုင်းပေါ်ရောက်လာတယ် ဆိုတာကတော့ မစပ်စုတို့ နိုင်ငံတင် မ ဟုတ်ပါဘူး၊ ကမ္ဘာနဲ့ အ၀န်းပါပဲ။ အနုပညာရှင် ဆိုတာတွေကို လူ တွေ က တခြားသူတွေထက် ပိုစိတ်ဝင်စား ကြတာကိုး။

ဒါပေမယ့် အနုပညာရှင်တွေတင် မကဘဲ သာမန် လူငယ် လူရွယ်တွေ ကြားထဲမှာပါ အနှေးနဲ့အမြန် ဆိုသလို ဖြစ်ပေါ်လာတဲ့လိင်ကိစ္စပိုင်းဆိုင် ရာ ပွင့်လင်းမှုတွေကတော့ တိုးတက်လာတာ မြန်လွန်းသလားလို့ မေးခွန်းထုတ်ရမလိုပါ။ ၁၉၈၀ ကျော် ကာလ တခုက လက်မထပ်ဘဲ အတူ နေတဲ့ ကိစ္စတခုကို ဘယ်လို ညစ်ညမ်းမှုမျိုးမှ မပါဘဲ ဝတ္ထုထဲ ထည့်ရေးမိတဲ့ စာရေးဆရာမ ဂျူးတောင် တော်တော်လေး အဝေဖန် ခံ လိုက်ရ တဲ့ မြန်မာပြည်မို့လို့ မြန်များနေသလားဆိုတဲ့ စကားကို မစပ်စု ပြောမိတာပါ။ အခု အချိန် မှာတော့ ဆရာမဂျူးရဲ့ အမှတ်တရ ဝတ္ထုကို ရာဇဝင် ထဲမှာ ထားရစ်ခဲ့တော့လို့များ ပြောလာကြမလား မပြော တတ်အောင် ပါပဲ။

ဒီလိုကိစ္စမျိုးဆိုတာ ဟိုးအရင် မစပ်စုတို့ အဘိုးအဘွားတွေ၊ အဘေးတွေ ခေတ်ကလည်း ရှိခဲ့ကြမှာ ဖြစ်ပေမယ့် အခုခေတ် လိုတော့ ပွင့်လင်း မြင်သာမှု မရှိခဲ့ဘူး ထင်ပါတယ်။ အခုကာလမှာတော့ ဟိုတယ်၊ တည်းခိုခန်းတွေ မဆိုထားနဲ့ လူမြင်ကွင်းနေရာတွေ၊ ပန်းခြံတွေမှာတောင် ယို သူမရှက်၊ မြင်သူရှက် ပြုမူနေထိုင်ရဲလာတဲ့ အနေအထားမျိုး တွေ့နေရသလို၊ ဒီလို မြင်ကွင်းတွေကို တကူးတက ကင်မရာတွေနဲ့ ခိုးရိုက်ပြီး အွန်လိုင်းပေါ် တင်ဖို့၊ ဖြန့်ဖို့ ကြိုးစားသူတွေ ရှိနေတာကြောင့် သွားသတိ၊ နေသတိလို့ နေရာတိုင်းမှာ ဆိုင်းဘုတ်တွေ ထောင်ထားရ မလို တောင် ဖြစ်နေပါတယ်။

ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြိုက်စဉ်က နေထိုင်ခဲ့သမျှတွေကို မှတ်တမ်းပြုထားပြီး ပြဿနာဖြစ်၊ ကွဲကြ ကွာကြတော့ မတော်တရော် မြင်ကွင်းတွေ အွန်လိုင်းပေါ် ရောက်လာတာမျိုးကတော့ နည်းပညာ ခေတ်၊ အိုင်တီ ခေတ်ကြောင့်လို့ပဲ ခေတ်ကို အပြစ်တင်ရမလား၊ နှမသား ချင်း မစာနာတတ်တဲ့ အမျိုးကောင်းသားတွေ ကိုပဲ လက်ညှိုးထိုးရမလား၊ ဒါမှဟုတ် အယုံလွယ်တဲ့ မိန်းကလေးတွေကိုပဲ နားရင်းနာနာ အုပ်ရ မလား မစပ်စုတော့ မစဉ်းစားတတ်အောင်ပါပဲ။ ဒါပေမယ့် ဒီလိုကိစ္စမျိုးဖြစ်လာရင် တကယ်တမ်း အရှက်တကွဲ အကျိုးနည်းဖြစ်ရတာက မိန်းက လေးတွေပါ။ ရည်းစားတထောင် လင်ကောင်တယောက် ဆိုတဲ့ စကား ရှိပေမယ့် နောက်ရည်းစားက ကိုယ့်ချစ်သူ အရင်ရည်းစားနဲ့ ဖြစ်ချင် တိုင်း ဖြစ်ခဲ့တာကို လူသိရှင်ကြားတော့ ဘယ်ဖြစ်စေချင် ကြပါ့မလဲ။ မြန်မာ့ယဉ်ကျေးမှု စံနဲ့ တိုင်းတာကြတဲ့အခါမှာ နစ်နာရတဲ့သူ ကမိန်းက လေး ပဲ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် မိန်းကလေး တယောက်ရဲ့ အရှက်သိက္ခာ ကျအောင် ရည်ရွယ်ချက် ရှိရှိ လုပ်ကြံချင်ကြတဲ့ အမျိုးကောင်း ယောက်ျားသားတွေ အနေနဲ့ အင်တာနက် ချက်တင် တွေ၊ facebook ချက်တင်တွေကနေ တယောက်နဲ့ တယောက် ခင်မင်ရင်းနှီးအောင် ကြိုးစားပြီး ရင်းနှီးလာပြီ ဆိုမှ ဖျား ယောင်းသွေးဆောင်၊ မဖွယ်မရာ ပုံတွေ ရိုက်ကူး အွန်လိုင်း စာမျက်နှာတွေပေါ် ရောက်တဲ့အထိ ကြံစည်နေကြတဲ့ အဖြစ်တွေ ကြားရတာလည်း မနည်းပါဘူး။

မနေ့ကလို ဗယ်လင်တိုင်းဒေးလို့ ခေါ်တဲ့ ချစ်သူများနေ့မှာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေက ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ ဘွတ်ကင် တွေ အပြည့်ဆိုတာ သတင်းတွေ အရ ကြားရတော့ မစပ်စု ရင်လေးမိပါသေးတယ်။ အဲဒီ မဖွယ်မရာ ရုပ်ရှင်တွေ၊ ရုပ်သေတွေက လုံခြုံမှု လုံးဝ မရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကနေ တဆင့် ပြန့်တာလို့ ကြားဖူးတယ်လေ။

ဟိုတယ်၊ တည်းခိုခန်းက ဝန်ထမ်းတချို့နဲ့ ပိုင်ရှင်တချို့ကလည်း လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပုံတွေကို အသားပေး ဖော်ပြနေတဲ့ ဘလော့ဂ် တွေ၊ ၀က်ဘ်ဆိုက်တွေအတွက် သူတို့ရဲ့ ဟိုတယ်၊ တည်းခိုခန်းမှာလာ ရောက် တည်းခိုကြတဲ့ စုံတွဲတွေရဲ့ နေထိုင် ပြုမူပုံတွေကို ခိုးတပ်ထား တဲ့ ကင်မရာတွေကတဆင့် ရိုက်ကူးရောင်းချ စီးပွားရှာကြတယ် ဆိုတာမျိုး ကြားရတာလည်း ကျောချမ်းစရာပါ။


နောက်ဆုံး ဖက်ရှင်ဆိုင်၊ အ၀တ်အစား ဆိုင်တွေရဲ့ အ၀တ်လဲခန်းတွေ ထဲမှာတောင် လျှို့ဝှက် ကင်မရာတွေ တပ်ဆင် ထားတတ်တယ် ဆိုတဲ့ သတင်းတွေ ကြောင့်လည်း အမျိုးသမီးထုကြားထဲ အင်္ကျီဝယ်ရင် အစမ်း ၀တ်မကြည့်ရဲတဲ့ အခြေအနေတောင် ရှိခဲ့ပါသေးတယ်။

ဒီလိုအချိန်မှာပဲ မိန်းကလေးတွေကို ဖျားယောင်းသွေးဆောင်ပြီး အွန်လိုင်းပေါ်မှာ သူတို့ရဲ့ မဖွယ်မရာ ပုံရိပ်တွေ ဖြန့်ချိ ခံရတဲ့ အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ “တရှက်က နှစ်ရှက်” ဆိုတဲ့ ဗီဒီယိုဇာတ်ကား ကြော်ငြာတိုလေးတခု facebook စာမျက်နှာတွေထက် ရေပန်းစားလာတာ တွေ့လိုက်ရပါတယ်။

ဒါနဲ့ပဲ ချစ်ကြိုက်၊ ညား ၊ ဟာသ၊ သရဲ ဇာတ်ကား တွေနဲ့တင် သံသရာလည်နေတဲ့ မြန်မာ့ ဗီဒီယိုလောကမှာ အခုလို လက်ရှိပြင်ပမှာ ဖြစ်ပျက် နေပြီး ခေတ်ကို ထင်ဟပ်စေတဲ့ ဇာတ်ကားဖြစ်တဲ့ “တရှက်က နှစ်ရှက်” ကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ကို မစပ်စုလည်း စပ်စုကြည့်လိုက် မိပါတော့တယ်။

“ဒီဘက်ခေတ်မှာ ခေတ်မီတဲ့ နည်းပညာ၊ အသုံးအဆောင် ပစ္စည်းတွေနဲ့ အများကြီး လည်ပတ်နေကြတယ်။ ဒါတွေဟာ အတင်းအဖျင်း ပြောဖို့မဟုတ်ဘူး၊ တယောက်ကို တ ယောက် ရှုံ့ချဖို့အတွက် မဟုတ်ဘူး။ ဒါတွေကို အထင်လွဲမှားစွာ အသုံးပြုနေတဲ့ သူတွေ ရှိတယ်။ အလုပ်မရှိ အ ကိုင်မရှိပေါ့ဗျာ၊ အချိန်အားနေလို့ အချိန်ဖြုန်းတဲ့ သူက များနေတယ်။ တကယ် အလုပ်အတွက် စနစ်တကျ သုံးတဲ့သူ နည်းနေတယ်။ အဲဒီအ ပေါ်မှာမှ နှမသားချင်း မစာနာ၊ အခွင့်အရေးယူတဲ့ သူတွေလည်း ရှိတယ်။ မိန်းကလေးတွေရဲ့ လူပုံအလယ်မှာ ချမပြသင့်တဲ့အရာကိုကိုယ်ချင်း စာစိတ် ကင်းစွာနဲ့ လူအများသိအောင် လုပ်လိုက်တာမျိုးတွေ အများကြီး ဖြစ်နေကြတယ်” လို့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံ ရိပ်) က ပြောပါတယ်။

ဆက်လက်ပြီးသူက “ကိုယ့်တိုင်းပြည်၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုနဲ့ကျတော့ ဒါတွေဟာ အင်မတန်မှ စပ်ဆုပ်ရွံရှာစရာ ကောင်းပါတယ်။ အဲဒီအပေါ်မှာ ခေတ်မီပြီး ရလာ တဲ့ အခွင့်အရေးကို အလွဲသုံးစားပြုနေတဲ့ ခပ်ကဲကဲ မိန်းကလေးတွေလည်း ရှိတယ်။ သူတို့တွေကိုလည်း သတိ ပေးချင်တယ်။ မိန်းကလေးတွေကို နှမသားချင်း မစာနာဘဲ လူမသိ သင့်တဲ့ အရှက်တရားနဲ့ သိ က္ခာနဲ့ ကာကွယ်ထားရမယ့် ကိစ္စတွေကို လူသိ ရှင်ကြားဖြစ်အောင် ဖော်ထုတ်တဲ့၊ လူစိတ်မရှိတဲ့ လူတွေ ကိုလည်း ကျနော်က ကိုယ်ချင်းစာစိတ်တွေ၊ လူစိတ်တွေ မွေးစေချင်တယ်။ ဒီလူတွေ က လုပ်လိုက်လို့ ကာယကံရှင် မိန်းကလေးရဲ့ နောက်က မိသားစုတွေ ဖြစ်သွားနိုင်တဲ့ ဒုက္ခတွေ ပြဿနာတွေပေါ့။ အမျိုးကောင်းသားသမီး တွေ တရှက်က နှစ်ရှက် မဖြစ်စေချင်လို့၊ မဖြေရှင်းဘဲ ထားကြတိုင်း လူယုတ်မာတွေ အခွင့်အရေး ရနေတာကို မဖြစ်စေချင်ဘူး။ ဒါကြောင့် မိန်း ကလေးတွေ ဘက်ကရော၊ လူယုတ်မာတွေ ဘက်ကိုပါ ကိုယ့်အသိတရားနဲ့ ကိုယ် ဆင်ခြင်သွားနိုင်အောင် ဒီဇာတ်ကားလေးကို ရိုက်ဖြစ်တာ ပါ” လို့ ဧရာဝတီကို ပြောပါတယ်။

လူငယ် မိန်းကလေးတွေ စကတ်တိုတို ၀တ်ထားရင်တောင် အတွင်းခံကို မရမက ဓာတ်ပုံလိုက်ရိုက်ပြီး အင်တာနက်ပေါ် တင်နေတဲ့ ခေတ်ကြီး မှာ အထူးသဖြင့် မိန်းကလေးတွေ အတွက် ဘယ်နေရာမှာမှ မလုံခြုံနိုင်တော့တာ အမှန်ပါ။

ခေတ်မီဆန်းသစ်တဲ့ ပစ္စည်းတွေက အမျိုးမျိုး အဖုံဖုံ ကောင်းကျိုးပေးနိုင်သလို၊ ဆိုးကျိုးလည်း ပေးနိုင်တဲ့အတွက်ကြောင့် မိန်းကလေးတွေအ နေ နဲ့ ဒီလိုအချိန်မှာ ကိုယ့်ရဲ့ အရှက်နဲ့ သိက္ခာအတွက် အရင်က ထက် အဆပေါင်း များစွာ သတိထားကြပြီး ခေတ်မီ တိုးတက်တဲ့ ပစ္စည်း တွေကိုလည်း ကိုယ့်အတွက် အကျိုးရှိအောင်ပဲ သုံးစွဲသင့်ပါတယ်လို့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) က အကြံပြုထားပါ တယ်။

ဒါ့အပြင် ပရိသတ်တွေအတွက် အချိန်နဲ့ ငွေတွေကို အလကား ဖြစ်စေတာမျိုး မဟုတ်ဘဲ အနုပညာနဲ့ ဖန်တီးပြီး ပြခွင့်ရှိတဲ့ ဒါရိုက်တာတွေအ နေနဲ့ ကျေးဇူးရှင် ပရိသတ်တွေကို ဖျော်ဖြေရင်းနဲ့ သတိပေး၊ သတိ ပေး ရင်းနဲ့ ဖျော်ဖြေ ခြင်းဟာ အနုပညာသမားတိုင်းမှာ တာဝန်ရှိပါတယ်လို့လည်း သူက အနုပညာသမားတွေကို တိုက်တွန်းလိုက်ပါတယ်။

“တရှက်က နှစ်ရှက်” ဆိုတဲ့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရဲ့ ဇာတ်ကားက ဘယ်လောက်အထိ ဖျော်ဖြေရင်း သတိပေးမလဲ ဆို တာကတော့ မစပ်စု လည်း မကြည့်ရသေးလို့ မပြောတတ်ပါဘူး။

ဒီဇာတ်ကားမှာ လူမင်း၊ ၀တ်မှုန်ရွှေရည်၊ ကိုပေါက်၊ ယွန်းရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားပြီး မတ်လထဲမှာ ဖြန့်ချိနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) အဆိုအရ သိရပါတယ်။

No comments: