Wednesday, July 10, 2013

ကယန်းပြည်သစ်တပ်မတော်တပ်ခွဲမှူးကို စိတ်ကြွဆေးများနှင့်အတူ ရဲဖမ်းမိ

ဇော်ဇော်ထွေး

ကယန်းပြည်သစ် တပ်မတော်မှ တပ်ခွဲမှူးအဆင့်ရှိသူ ကိုနေလင်းအောင်(ခ) ကိုအသိုက်ကို စိတ်ကြွဆေးပြားများနှင့်အတူ ရန်ကုန်-မန္တလေးအဝေးပြေး အမြန်လမ်းမကြီးရှိ တိုးဂိတ်အမှတ်-၃တွင် ဇူလိုင် ၇ ရက်က ရဲများကဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကိုနေလင်းအောင်တို့ မောင်းနှင်လာသည့် HONDA PREKUDE ပြိုင်ကားထဲတွင်ပါလာသည့် WY စာတမ်းပါစိတ်ကြွဆေးပြားများသည် ကျပ်သိန်း ၅၀၀ ခန့်တန်ဖိုးရှိပြီး ကားသည်လည်း လိုင်စင်မဲ့ကားဖြစ်ကြောင်းလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇူလိုင် ၇ ရက် ည ၁၀ နာရီကျော်အချိန်တွင် ရန်ကုန်တိုင်းမူးယစ်အထူးတပ်ဖွဲ့မှ ရဲ အုပ်အောင်ဇော်မျိုးလွင်နှင့် ရဲများက လှည်းကူးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်မှ တိုးဂိတ်အမှတ်-၃တွင်
စောင့်ဆိုင်းကာကားများကို စစ်ဆေးခဲ့ခြင်းကြောင်း ထိုကားအတွင်းပါလာသော မူးယစ်ဆေးများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲဌာနကဆိုသည်။

ကားထဲတွင် ကိုနေလင်းအောင်သည် ကယန်းပြည်သစ်တပ်မတော်တွင် တာဝန်ထမ်းဆောင်သည့် ကိုယ်ပိုင်အမှတ်မှာ ၀၉၉၂၁ဖြစ်ပြီး စိတ်ကြွဆေးများဖမ်းမိစဉ်က ကားထဲတွင် သူနှင့်အတူကိုဘိုဘိုအောင်ဆိုသူ လည်းပါလာခဲ့ကြောင်း ရဲဌာနက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲများက တိုးဂိတ်တွင်သူတို့၏ ကားကို ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းတွင် အ၀ါရောင်တိပ်ဖြင့် ပတ်ထားပြီး မိုင်းကိုင်စက္ကူဖြင့် ထုတ်ပိုးထားသော WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြားများကို တွေ့ရကြောင်း၊ဆေးများကို အလုံးရေ ၂၀၀ စီ ခွဲထုတ်ထားပြီး အထုပ်အားလုံးပေါင်း ၅၀ ရှိသဖြင့် စုစုပေါင်းဆေးပြား တစ်သောင်းရှိကာ အလေးချိန်အားဖြင့် တစ်ကီလိုဂရမ်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ဆေးပြားတစ်ပြားလျှင် ပေါက်ဈေးကျပ် ၅၀၀၀ ခန့်တန်ကြေးရှိသည်ဟု ရဲများက သုံးသပ်ထားသဖြင့်ဆေးပြားများ၏ စုစုပေါင်းတန်ဖိုးမှာလည်း ကျပ်သိန်း ၅၀၀ ခန့်ရှိသည်ဟု ရဲဌာနကဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ကိုနေလင်းအောင်နှင့် ကိုဘိုဘိုအောင်တို့ကို ရဲက ဖမ်းဆီးထားပြီး သူတို့ကို မူးယစ်ဆေးဝါးသယ်ဆောင်သူများအဖြစ် စွပ်စွဲကာတရားစွဲဆိုမည်ဟုလည်း ရဲဌာနကဆက်လက်သတင်းထုတ်ပြန် ထားသည်။

No comments: