Friday, July 26, 2013

နေပြည်တော် တပြည်လုံး အပစ်ရပ် လက်မှတ်ရေးထိုးပွဲကြီး အချိန် ရွှေ့ဆိုင်း ရဖွယ်ရှိ

ဟင်္သာနီ (မွန်မြေ)

တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား ဖိတ်ကြားကာ နေပြည်တော်၌ ဇူလိုင်လကုန်တွင် ပြုလုပ်ရန်ရှိသည့် သမ္မတ၏ အစီအစဉ်မှာ ရွှေ့ဆိုင်းရမည့် အခြေအနေရှိကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC)မှ အကြီးတန်း အရာရှိ တဦးက မဇ္ဈိကို ပြောဆိုသည်။

“တိုင်းရင်းသား အဖွဲ့တွေနဲ့ ဦးအောင်မင်းနဲ့ ညှိနေဆဲလို့ ကျနော် နားလည်တယ်။ ဒါကြောင့် အချိန် အနည်းငယ်နောက်ကို ရွှေ့ဆိုင်းတာက လွဲလို့ ဒီအတိုင်းပဲ ဆက်ဆောင်ရွက်မယ်လို့ နားလည်တယ်” ဟု အမည်မဖော် လိုသည့် MPC မှ အကြီးတန်း အရာရှိတဦးက ပြောသည်။

အချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာလည်း ၎င်းလက်မှတ် ရေးထိုးပွဲအတွက် ကြိုတင် ပြင်ဆင်နိုင်ရန် အချိန်အနည်းငယ် လိုကြောင်း တောင်းဆိုမှုမျာလည်း ရှိနေပြီး ထိုသို့သော အခြေအနေ အရပ်ရပ်များကြောင့်ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအား လုပ်ဆောင်ရာတွင် အချိန်ကာလ သတ်မှတ်ချက်များ ထားရှိထားသော်လည်း အခြေအနေအရ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်ရသည့် အခြေအနေမျိုးလည်း ရှိပြီး နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ပင် ထိုကဲ့သို့ ဖြစ်စဉ်မျိုးများ ရှိခဲ့ကြောင်း အဆိုပါ အရာရှိကြီးမှ ထောက်ပြ ပြောဆိုသွားသည်။

မည်သည့် အချိန်တွင် ပြန်လည်၍ ဖော်ဆောင်နိုင်မည်ကိုကား မပြောနိုင်သေးသော်လည်း သြဂုတ် (သို့မဟုတ်) စက်တင်ဘာ လအတွင်း ဖြစ်နိုင်ဖွယ် ရှိကြောင်းလည်း ၎င်းက ခန့်မှန်းသည်။

ဥရောပ ခရီးစဉ်အတွင်း ဇူလိုင်လ ၁၆ ရက်နေ့က ချောလ်တန်ဟောက်တွင် “မကြာမီ သေနတ်သံများ ရပ်တော့မည်” ဟု သမ္မတ ဦးသိန်းစိန် က နိုင်ငံတကာ မီဒီယာ များသို့ ထပ်မံ၍ အတည်ပြု ပြောကြားခဲ့သည်။

သို့သော်လည်း အခြေအနေများအရ တနိုင်ငံလုံး အတိုင်းအတာ လက်မှတ်ရေးထိုးပွဲကိုမူ သတ်မှတ် ထားချိန်အတွင်း မကျင်းပနိုင်ခဲ့သေးပေ။

ထိုသို့ ရွှေ့ဆိုင်းရမည့် ကိစ္စနှင့် ပတ်သက်၍ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA) တို့အား မဇ္ဈိမမှ ဆက်သွယ် မေးမြန်းခဲ့ရာတွင် အစိုးရ၏ တရားဝင် အကြောင်းကြားလာမှု မရှိသေးဟု သက်ဆိုင်ရာ ခေါင်းဆောင်များက ပြန်လည် ဖြေကြားကြသည်။

“ကျနော်တို့ဆီကိုတော့ တရားဝင် ပေးပို့လာတာမျိုး မရသေးဘူး။ ဒီအဆင့်က စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ သွားတဲ့ နေရာမှယ လိုအပ်တဲ့ အဆင့် တဆင့် ဖြစ်တယ်။ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲမှု
ဖြစ်ဖို့ကတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် နိုင်ငံရေး တက်လှမ်းနိုင်မယ့် အာမခံချက်တွေ ပါဖို့ လိုပါတယ်”
ဟု KNU အထွေထွေ အတွင်းရေးမှူး ဗဒို ကွယ်ထူးဝင်း က မဇ္ဈိမကို ပြောသည်။

RCSS/SSA မှ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်းဆိုင် ကလည်း “ ကျနော်တို့ဆီ တရားဝင် အကြောင်းကြားတာလည်း မရှိသေးပါဘူး” ဟု မဇ္ဈိမအား ဖြေကြားခဲ့သည်။

KNU နှင့် RCSS/SSA တို့မှာ ယင်းလက်မှတ် ရေးထိုးပွဲသည် လက်ရှိ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက လက်ရှိ ရရှိထားသည့် အပစ်အခတ် ရပ်စဲရေး ပိုမိုတောင့်တင်း ခိုင်မာလာစေသည့် နောက်တဆင့် အပြောင်းအလဲ တရပ်ဖြစ်သည်ဟု ဇူလိုင်လ ၁၇ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်ကြသည်။

ထိုလက်မှတ် ရေးထိုးပွဲသည် လက်နက်ကိုင် တိုင်းရင်းသားများနှင့် အဓိကထား ဆောင်ရွက် သွားရမည် ဖြစ်ကာ အချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ၎င်းလက်မှတ် ရေးထိုးပွဲအပေါ် အကောင်းမြင်ကြသလို အချို့ မှလည်း လက်မခံနိုင်သည့် အနေအထား၌ ရှိနေသည်။

“အခု တဖွဲ့ချင်းစီ အပစ်အခတ် ရပ်စဲထားတာဟာ ငြိမ်းချမ်းရေး ပြီးသွားတဲ့ သဘော မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ဖို့ Frame Work Meeting ကို စနိုင်ဖို့ အတွက်ကို အခြေခံ နောက်တဆင့် ဆိုတာမျိုး ကျနော်တို့ နားလည်တယ်၊ ဒီအချက်ကို လက်ခံတဲ့ အဖွဲ့ တွေလည်း ရှိပါတယ်” ဟု အရာရှိ ကြီးမှ ပြောသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကမူ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို အစိုးရမှ ထုတ်ပြန် ကြေညာပေးရန် တာဝန်ရှိပြီး အစိုးရ၏ ယခု လုပ်နည်းလုပ်ဟန် ကိုကား ၎င်းတို့ လက်ခံနိုင်ဖွယ်မရှိဟု ပြီးခဲ့သည့် ဇူလိုင်လ လတွင်း မဇ္ဈိမ၏ မေးမြန်းမှု တစ်ခုအား ဖြေကြားထားကာ ယနေ့၌ကား ပြန်လည်ဆက်သွယ်၍ မရခဲ့ပေ။

စစ်ရေး အခြေအနေအရ လက်ရှိ၌မူ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင် (တအာင်း) လွတ်မြောက်ရေးတပ် (TNLA) တို့ အခြေစိုက်ရာ စခန်းများသို့ အစိုးရ စစ်ကြောင်းများ လှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေပြီး တင်မားမှု များလည်း ဆက်ရှိနေသည်။

ထို့ပြင် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP/SSA အခြေစိုက် နယ်မြေများ၌လည်း ဇွန်လ ၁၃ ရက်နေ့ လားရှိုးတွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်း၌ပင် အစိုးရတပ်မှ စစ်အင်အား ထပ်မံ တိုးချဲ့လာသည့် အနေအထားများ ရှိနေကာ လက်ရှိ၌ တန့်ယန်း ဂွင်တွင် အစိုးရတပ်မှ အင်အား တစ်ထောင်ကျော်ဖြင့် တပ်စွဲထားကြောင်း စိုင်းနန္ဒာ (ရာထူးတာဝန် မဖော်ပြလို)ဆိုသည့် ရှမ်း(မြောက်) တပ်မှ အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။

အစိုးရမှ ထုတ်ပြန် ကြောကြားထားသည့် အဆိုပါ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပွဲကြီးကား မည်သည့် အချက်အပေါ် အခြေခံသည်နှင့် ပါဝင်သည့် မည်သည့် အချက်များကို တာဝန်ခံကာ လက်မှတ်ရေးထိုးပေးရန် ၎င်းတို့မှ ရှင်းလင်းစွာ သိရခြင်း မရှိသေး၍ အစိုးရဘက်မှ ထုတ်ပြန် ပေးစေလိုကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ လိုလားပြောကြားမှုများ ရှိနေပါသည်။

No comments: