Monday, July 8, 2013

လက်ပံတောင်းအရေး ဝရမ်းထုတ်ထားသူများကို ရွာထဲ ဝင်ဖမ်းသော်လည်း မမိ

ခိုင်ခိုင်

လက်ပံတောင်းတောင် ဒေသတွင် လယ်သမားများနှင့်အတူ အာဏာဖီဆန်၍ အာဏာပိုင်များက ဖမ်းဝရမ်းထုတ်ထားခြင်းခံရသူများအား ပုန်းခိုနေနိုင်ဖွယ်ရှိသည့် ရွာအတွင်းသို့ ဇူလိုင်လ ၄ ရက်နေ့တွင် ရဲဝန်ထမ်းများက ဝင်ရောက်ဖမ်းဆီးရန် ကြိုးစားခဲ့ကြသော်လည်း မည်သူ့ကိုမျှ ဖမ်းဆီးရမိ မသွားကြောင်း ဒေသခံ ရွာသားများက ပြောသည်။

“အရပ်ဝတ်နဲ့ လူတွေ လေးငါးယောက် ရွာထဲ ဝင်လာကြတယ်။ ဝင်ဖမ်းတယ်ပေါ့။ ဝင်ရှာကြတယ်။ ဒါပေမယ့် ရွာသားတွေကတော့ ရဲမှန်း သိတော့ နောက်ကနေ ပြေးလိုက်တော့ ရွာထဲက ပြန်ထွက်သွားတယ်။ ဘယ်သူ့မှ ဖမ်းမမိပါဘူး” ဟု မိုးကြိုးပြင်ရွာသူ မမြင့်မြင့်ဝင်း က ပြောသည်။

ဖမ်းဝရမ်း ထုတ်ခံရသူများကို ယခုရက်ပိုင်းတွင် ရွာအတွင်းသို့ ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးမည်ဖြစ်ပြီး ၎င်းတို့အား ဖမ်းဆီးနိုင်ပါက ဆုကြေးငွေ ပေးမည်ဟုလည်း ရွာများသို့ တဆင့်ခံ စကားဖြင့် လေသံလွှင့်ထားခဲ့ကြောင်း ဆည်တဲ ရွာသူတဦးက မဇ္ဈိမကို ပြောသည်။

“ရွာသားတွေဘက်ကလည်း ဘယ်သူမှ ဖမ်းဖို့ စိတ်ကူးမရှိဘူး။ သူတို့ ဘယ်အချိန်ဝင်ဖမ်းမယ် ဆိုတာ မပြောနိုင်လို့ ကျမတို့တွေလည်း ရွာလုံးကျွတ်နီးပါးကို ရွာထိပ်မှာ ကင်းစောင့်နေကြတယ်။ ခြံစည်းရိုးတွေကိုလည်း ခိုင်ခံ့အောင်ပြန်လုပ်နေတယ်။ ကူညီပေးသူတွေကို ဖမ်းတာ လက်ခံဖို့ စိတ်ကူးမရှိပါဘူး” ဟု ဆိုသည်။

အရပ်ဝတ်နှင့် ယူနီဖောင်းဝတ်ရဲအင်အား ၅၀ ခန့် တုံရွာထိပ်တွင် ရွာထဲဝင်ရန် နံနက်ပိုင်းကပင် စောင့်ဆိုင်းလျက်ရှိနေခဲ့ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဘထူး က ဆိုသည်။

တုံရွာသွားတဦးကလည်း လက်ရှိတွင် ရွာသားများနှင့် ဝရမ်းထုတ်ထားခံရသူများ၏ လုံခြုံရေးမှာ မရေရာ၍ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများတွင် ကင်းအလှည့်ကျ စောင့်နေကြသည်ဟု ပြောသည်။

ဆားလင်းကြီးမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲတဦးကမူ ရွာသားများက ဒေသခံအာဏာပိုင်များအား ထိပ်တိုက်ရင်ဆိုင်မည့် အသွင်များ ဆောင်နေသော်လည်း ၎င်းတို့ဘက်မှ ဖမ်းဝရမ်း အထုတ်ခံရသူများကိုသာ အဓိက ဖမ်းဆီးမည်ဟု ဆိုသည်။

ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးအား ဖမ်းဆီးထားပြီး ဖြစ်သော်လည်း ကျန် ၇ ဦး ဖြစ်သည့် ကိုဘထူး၊ ကိုသားကြီး၊ ကိုလတ်၊ ကိုသော်ဇင်၊ ကိုသူ၊ ရန်ကုန်ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ကိုသောင်းထိုက်ဦး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး ကွန်ယက်မှ ကိုဟန်ဝင်းအောင် တို့ကို အလိုရှိကြောင်း ဓာတ်ပုံများနှင့်တကွ လက်ပံတောင်း ဝန်းကျင် ကျေးရွာလမ်းများတွင် ကြော်ငြာများ ကပ်ထားသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

၎င်းတို့အား ပုဒ်မ ၃၃၃ (တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု)၊ ၄၄၇ (စီမံကိန်း ဧရိယာအတွင်း ကျော်နင်းမှု)၊ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သည့် စုဝေးမှု)၊ ၃၄ (အကြံအစည် တခုကို အထမြောက်စေရန် တဦးထက်ပိုသော လူများ စုဝေးမှု) စသည့် အမှုများနှင့် ဆားလင်းကြီး တရားရုံးတွင် အမှုဖွင့်ထားကြောင်း သိရသည်။

No comments: