Saturday, July 27, 2013

ချင်းပြည်နယ် ကျေးရွာအချို့တွင် အင်တာနက်သုံးနိုင်ရန် ၀ိုင်ဖိုင် အခမဲ့ တပ်ဆင်ပေး

နေစု(ချင်းရိုးမ)၊ ချိုကို | စနေနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၃

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ရှိ ကျေးရွာအချို့တွင် ၀ိုင်ဖိုင်ဖြင့် အင်တာနက် အသုံးပြုနိုင်ရန်အတွက် အဆိုပါဒေသရှိ လူမှုအဖွဲ့အစည်းများက ဆောင်ရွက်ပေးနေပြီး ဇူလိုင် ၂၀ ရက်မှစတင်ကာ အခမဲ့အင်တာနက် သုံးစွဲနိုင်ပြီဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ဆောင်ရွက်ပေးခြင်းမှာ ကျေးလက်ဒေသအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်ကူပြုစေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု အင်တာနက်သုံးစွဲနိုင်အောင် လုပ်ဆောင်ပေးသည့် လူမှုအဖွဲ့အစည်းများက ပြောသည်။ လက်ရှိတွင် အင်တာနက်သုံးနိုင်ရန် ၀ိုင်ဖိုင်အလုံး ၂၀ တပ်ဆင်ပေးထားပြီး အိမ်ခြေများသော ကျေးရွာများတွင် နှစ်လုံးမှ သုံးလုံးအထိ တပ်ဆင်ပေး ထားသည်ဟုလည်း သိရသည်။

ယင်းသို့တပ်ဆင်ပေးခြင်းနှင့် ပတ်သက်ပြီး လူမှုအဖွဲ့အစည်းမှ နည်းပညာအကျိုးတော်ဆောင် မိုက်ကယ်ဟန်က “ဒီနှစ် ဧပြီလမှာ ကျရောက်တဲ့ ထုတ်လိုင်ကျေးရွာနှစ် (၁၀၀) ပြည့်ရတုသဘင်ပွဲတော်မှာ ၀ိုင်ဖိုင် စနစ်ကျင့်သုံးနိုင်ဖို့ ဆုံးဖြတ်ချက်ချကြပြီး အခုလို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ကြတာ ပါ” ဟု ပြောသည်။

အင်တာနက်အသုံးပြုနိုင်သည့် ရွာများမှာ တီးတိန်မြို့နယ်ရှိ ထုတ်လိုင်၊ ပုမ်းဗာ၊ ဗန်တဲ့၊ ဇုန်း၊ ဖူနူမ်း၊ ဒိမ်ဇန်၊ ထန်နွဲ၊ စိုဇန်၊ ဘွင်၊ ဟေလေး၊ ပတ်ဇန်၊ ပန်ဆတ်ကျေးရွာများနှင့် အနီးဝန်းကျင်ရှိ ကျေးရွာအချို့တွင်လည်း သုံးစွဲနိုင်ပြီဖြစ်သည်ဟု သိရသည်။

ယင်းဒေသရှိ အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း ကွန်ပျူတာဘာသာရပ်ကို ယခုစာသင်နှစ်မှ စတင်သင်ကြားပေးနေပြီဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးကလည်း ပြောသည်။

ပြည်တွင်းအိုင်စီတီ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျေးလက်ဒေသများအထိ အိုင်စီတီ အသုံးပြုနိုင်ရေးမှာ များစွာအရေးကြီးလာပြီဖြစ်ပြီး အစိုးရဘက်မှလည်း အထောက်အကူပြုလုပ်ငန်းများ လုပ်ဆောင်ပေးရန်လိုကြောင်း အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြို့များတွင် ကွန်ပျူတာသင်တန်းများအခမဲ့ လိုက်လံသင်ကြားပို့ချပေးနေသော MIDO (Myanmar ICT for Development Organi-zation) မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေဘုန်းလတ်က သုံးသပ်ပြောကြားသည်။

၎င်းက “အသုံးပြုသူတွေက အပျော်မဟုတ်ဘဲ အကျိုးရှိရှိအသုံးပြုနိုင်ဖို့ သင်တန်းလေးတွေပါပေးသင့်တယ်”ဟုပြောသည်။

No comments: