Friday, July 12, 2013

ကချင်ပြည်သူများ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပါဝင်မည့် အခန်းကဏ္ဍ တွေ့ဆုံဆွေးနွေး

KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် သွက်လက်မြန်ဆန်စွာ အကောင်ထည်ဖော်နိုင်ရေး နည်းပညာအကြံပေး Technical Team အဖွဲ့တွင် ကချင်ပြည်သူလူထုများ၏ လိုအပ်ချက်သဘောထားအမြင်များ ပူးပေါင်းထည့်သွင်းသွားနိုင်ရေး ကချင်အရပ်ဘက်အဖွဲ့အစည်းများတွေ့ဆုံညှိနှိုင်းဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်သူလူထုများတွေ့ဆုံဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ခန်းမဆောင်တွင် ဇူလိုင် ၉-၁၀ရက် အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) နှင့် ကချင်အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပူးပေါင်းစီစဉ်ကာ အနာဂတ်တွင်ပြုလုပ်မည့် နိုင်ငံရေး/ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမည့် လုပ်ငန်းစဉ်တွင် ကချင်ပြည်သူလူထု၏ လိုအပ်ချက်သဘောထားအမြင်များအား စုစည်း၍ ပါဝင်သွားရန် အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“KIO နဲ့အစိုးရ တွေ့ဆုံဆွေးနွေးသွားတဲ့အခါ ကျမတို့ ဘယ်လိုပူပေါင်း လုပ်ဆောင်နိုင်မယ်ဆိုတာတွေ၊ အစိုးရကိုလည်း သူ့နောက်မှာ ထောက်ခံမဲ့လူ ရှိသလို ကျမတို့လည်း ကျမတို့အစိုးရ (KIO) ကို ကချင်နဲ့ပတ်သက်ပြီး ပြောလာတဲ့အခါ လွှဲမှားတာမရှိအောင် လိုအပ်တာတွေကို အမှားမရှိအောင် ကချင်လူထုတွေဖြစ်စေချင်တဲ့သဘောထား အသံကိုထည့်သွားချင်လို့ ဆွေးနွေးတဲ့ သဘောဖြစ်တယ်” ဟု ဆွေးနွေးပွဲတွင်ပါဝင်သည့် ကချင်အမျိုးသမီး အစည်းအရုံး (KWU) မှ ဒေါ်ဂျာဆိုင်းခေါန် (Jan Ja Seng Hkawn) က ပြောသည်။

လူထုတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်သည် “ကချင်အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကချင်ပြည်သူများအနေဖြင့် စစ်မှန်တရားမျှတ၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် မိမိတို့၏ရပ်တည်ချက်နှင့် ပါဝင်နိုင်သည့်အခန်း ကဏ္ဍကို သိရှိနားလည်စေရန်” အသေးစိတ်ဆွေးနွေးသွားခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၁၀ ရက်စွဲဖြင့်ထုတ်ပြန်သောကြေငြာချက်တွင်တွေ့ရသည်။

၎င်းဆွေးနွေးမှုတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအကြံပေးအဖွဲ့ Technical Team တွင် လူထုဖက်မှပါဝင်မည့် ခေါင်းဆောင်များကိုလည်း အသီးသီးခန့်အပ်သွားရန် လျာထားဆဲဖြစ်ကြောင်း ကချင်အမျိုးသမီး အစည်းအရုံး (KWU) မှ ဒေါ်ဂျာဆိုင်းခေါန် (Ja Seng Hkawn) က KNG ကချင်သတင်းဌာန သို့ပြောသည်။

“အဲဒီမှာ ပြည်သူလူထုပါမယ်ဆိုတာကို ကိုယ့်ရဲ့အမြင်ပေါ့ ဘယ်သူက အဲဒီမှာ ကူညီရင်သင့်တော်မယ်ဆိုတာကို နာမည်စာရင်းပေးထားတာတော့ရှိတယ်။ ဒါပေမဲ့လက်တွေ့အဲဒီမှာ လုပ်မဲ့လူတွေနဲ့ တွေ့ဆုံပြောဆိုပြီး ဆုံးဖြတ်သွားမယ်။ အခုက ဘယ်သူကို ရွေးပြီဆိုတာတော့ မပြောသေးဘူး နာမည်စာရင်းပေးထားတဲ့အဆင့်ပဲ ရှိသေးတယ်။”


အဆိုပါ ကချင်လူထုတွေ့ဆုံဆွေးနွေးပွဲတွင် Technical Team ဖွဲ့စည်းရန်နှင့် ကဏ္ဍအလိုက်လိုအပ်သော (Thematic Area) နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးရ ရှိနိုင်မှုများအပါအဝင် ကချင်ပြည်သူလူထုမှ လိုလားတင်ပြချက်များကို စုစည်းသိရှိနိုင်ရန်အတွက် ကချင်အရပ် ဘက်လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့၊ ကချင်ပြည်သူများနှင့် မြို့မိမြို့ဖများ၊ လူထုကိုယ်စား ပြုခေါင်းဆောင်များ ပါဝင်တက်ရောက်သည့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်လည်းဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ကချင်အရပ်ဘက်အဖွဲ့အစည်းများ စုစည်းကာ တွေ့ဆုံဆွေးနွေးမှုသည် အစိုးရ နှင့် KIO ကြား တိုက်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း ပထမကြိမ်ဖြစ်ပြီးအဖွဲ့အစည်းတိုင်း ၏ ကချင်အရေးနှင့်ပတ်သက်ပြီး အမြင်သဘောထားများ၊ ရှုထောင့်များကိုလည်း စုစည်းဖလှယ်နိုင်ခဲ့ကြောင်း သိရသည်။

ပါဝင်ဆွေးနွေးခဲ့ကြသောလူကြီးမင်းများသည် အစိုးရမဟုတ်သော ကချင်အရပ်ဘက် လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာအဖွဲ့များ စုစုပေါင်း (၄၈) ဖွဲ့ တက်ရောက်ခဲ့ပြီး အခြားတစ်သီးပုဂ္ဂလကိုယ်စားလှယ်များ အပါအ၀င် တက်ရောက်သူ စုစုပေါင်း (၂၇၅)ဖြစ်ကြောင်း သိရသည်။

၎င်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် လူထုပါဝင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအကြံပေးအဖွဲ့ကို မြန်မာဘာသာဖြင့် တရားဝင်အတည်မပြုထားသေးသော်လည်း အင်္ဂလိပ်ဘာသာဖြင့် ‘Technical Advisory Team’ ဟု ခေါ်ဆိုမည်ဖြစ်ပြီး ကချင်ဘာသာဖြင့် ‘Machyoi Hpung Rapdaw’ ဟူ၍ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှသိရသည်။

No comments: