Tuesday, July 9, 2013

မြေမြုပ်မိုင်း ရှင်းလင်းရေး၌ ဥပဒေတစ်ရပ် ရှိရန် လိုအပ်ဟု အစိုးရဖက်ကဆို

ဖြူဖြူကို

မြေမြုပ်မိုင်း ရှင်းလင်းရေးအတွက် ဥပဒေတစ်ရပ် ရေးဆွဲနေဆဲ ဖြစ်သည့်အတွက် အကောင်အထည်ဖေါ်၍ မရနိုင်သေးကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး ဦးအောင်မင်းက ဆိုကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဒုတိယ ဥက္ကဌ ခူဦးရယ်က ဆိုပါသည်။

“ဦးအောင်မင်း ကတော့ မြေမြုပ်မိုင်း ကိစ္စမှာ ဥပဒေ ရေးဆွဲ နေတယ်လို့ ပြောသွားတာပဲ။ ဥပဒေ ရေးဆွဲဖို့ လိုမလိုတော့ မပြောတတ်ဘူး။ ကျနော်တို့ အနေနဲ့ ကတော့ ဒုက္ခသည်တွေကို ပြန်လည် နေရာ ချထားဖို့ ဖြစ်လာရင်တော့ မိုင်းတွေ ရှင်းလင်း သွားဖို့တော့ ရှိပါတယ်” ဟု ဆိုပါသည်။

သို့သော်လည်း KNPP နှင့် အစိုးရတို့သည် မြေမြုပ်မိုင်း ရှင်းလင်းရေးအတွက် အစမ်း စီမံချက် (Pilot Project) ငယ် တစ်ခု အား ထိုင်း-မြန်မာ နယ်စပ်ရှိရှားတောမြို့နယ်တွင် ပူးပေါင်း လုပ်ဆောင်ရန် သဘော တူညီထားပြီးဖြစ်သည်ဟု ဆိုပါသည်။ ကျန်ရှိနေသေးသည့် မြေမြုပ်မိုင်းဧရိယာ များကိုမူ ရေးဆွဲနေဆဲ မြေမြုပ်မိုင်း ရှင်းလင်းရေး ဥပဒေ ရေး ဆွဲပြဌာန်းပြီးမှ ဆက်လက် အကောင်အထည် ဖော်သွားရန် ဖြစ်သည်ဟု ဆိုပါသည်။

KNPP နှင့် အစိုးရတို့သည် ကယား ပြည်နယ် အတွင်း မြေမြုပ်မိုင်း ပညာပေးရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း မည်သို့ စတင် အကောင်အထည်ဖေါ် သွားမည်ကို ယနေ့ အချိန်ထိ ဆွေးနွေး နေဆဲဟု ဆိုပါသည်။ ဤသို့ ကြောင့်လက်တွေ့ အကောင်အထည် ဖော်မည့် အဖွဲ့ကို မဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟုခူဦးရယ်မှ ဆိုပါသည်။

မြေမြုပ်မိုင်း အန္တရာယ် ပညာပေး လုပ်ငန်း၊ မြေမြုပ်မိုင်း ရှိသည့် နေရာများတွင် အချက်အလက် ကောက်ယူသည့် ကိစ္စ၊ ဧရိယာ သတ်မှတ်သည့် ကိစ္စများကိုမူ ယခင်ကာလ ကတည်းက လုပ်ဆောင် နေခဲ့ပါသည်။

KNPP သည် မြေမြုပ်မိုင်း ရှင်းလင်းရေးကိစ္စနှင့် ပတ်သတ်၍ အမေရိကန် ဒုတိယနိုင်ငံခြား ရေးဝန်ကြီးနှင့် ကယား ပြည်နယ် လွိုင်ကော်တွင် ဆွေးနွေးခဲ့သလို ပြည်ပ ပညာရှင်များနှင့်လည်း ဆွေးနွေးခဲ့ပါသည်။ သို့သော် ယနေ့အထိအကောင်အထည် မဖော်နိုင်ခဲ့ပေ။

မြေမြုပ်မိုင်း ရှင်းလင်းရေးတွင် အဆင့်သုံးဆင့် ရှိပါသည်။ ပထမ အဆင့် ဖြစ်သည့် မိုင်းအန္တရာယ် ပညာပေးခြင်း (Mine Risk Education) အဆင့်တွင် ဒေသခံ ပြည်သူ လူထု များအား မိုင်းအန္တရယ် အကြောင်း ပညာ ပေးခြင်း၊ မြေမြုပ်မိုင်းများ အန္တရာယ် ရှိနိုင်သည့် ဧရိယာ များအား အကြမ်းဖျင်း သတ်မှတ်ခြင်း၊ ထိုဧရိယာ များတွင် မိုင်းအန္တရာယ် အမှတ်အသားဆိုင်းပုဒ် တပ်၍ သွားလာမှုကို ကန့်သတ်ခြင်းတို့ ပါဝင်သည်။

ဒုတိယ အဆင့်တွင် မိုင်းကွင်းနှင့် တည်ရှိ မြေမြုပ်မိုင်း အရေ အတွက်ကို နည်းပညာ အကူ အညီမပါဘဲ အချက် အလက် ကောက်ယူခြင်း (Non-Technical Survey) နှင့်နည်းပညာ အကူအညီဖြင့် အချက်အလက် ကောက်ယူခြင်း ဖြစ် ပါသည်။

တတိယ အဆင့်အဖြစ် မြေမြုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ် (De-mining) အဆင့် စသည့် လုပ်ငန်း စဉ်များ ပါဝင်ပါသည်။ ဤသို့ဆောင်ရွက်နိုင်ရန် ဥပဒေ တစ်ရပ် ရှိရန် လိုအပ်သည့်အတွက် လွှတ်တော်၌ ရေးဆွဲပြဌာန်းနေဆဲဟု ၀န်ကြီး ဦးအောင်မင်းက ဆိုပါသည်။

No comments: