Sunday, July 7, 2013

အမေရိကန်ပြည်ထောင်စုတွင် မြန်မာအမျိုးသမီးတစ်ဦး မိမိကိုယ် မိမိ ရေနစ်သေကြောင်းကြံစည်

အာရ်ကန်တိုင်းမ်စ်

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ဇူလိုင်လ ၄ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီ ခွဲခန့်တွင် မြန်မာအမျိုးသမီးတစ်ဦး မိမိကိုယ်မိမိ ရေနစ်သတ်သေဖို့ ကြံစည်ကြိုးစားခဲ့ရာ လူသိမြန်ဆန်သွားသဖြင့် အသက်မသေ ဆေးရုံသို့ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

အဆိုပါ မြန်မာအမျိုးသမီးသည် သူမနဲ့ အတူတူနေထိုင်သည့် ချစ်သူအမျိုးသားနှင့် အတွင်းရေးကိစ္စတချို့  မပြေမလည်ဖြစ်ကြရာမှ အချေအတင်စကားများ ရန်ဖြစ်ကြပြီး သူမ၏ချစ်သူအမျိုးသား အလုပ်သွားနေသည့်အချိန်တွင် ၄င်းတို့၏ အိမ်ထဲရေချိုးခန်းထဲရှိ ရေချိုးကန် (Bathtub) ထဲတွင် ရေအပြည့်နီးပါးထည့်ကာ အချိန်အနည်းငယ်ကြာ မိမိကိုယ် မိမိရေနစ်သေကြောင်း ကြံစည်ခဲ့သည်ဟု သိရသည်။

၎င်းအမျိုးသမီးသည် သူမ၏ချစ်သူအမျိုးသားနဲ့ အချေအတင်စကားများချိန် သူမကိုယ် သူမ သတ်သေလိုက်မည်ဟု ပြောဆိုမှုများရှိခဲ့ကြောင်း၊ သူမ၏ချစ်သူအမျိုးသားက စိတ်မချသည့်အတွက် လုပ်ငန်းခွင်ထဲမှနေ တယ်လီဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့သောကြောင့် လုပ်ငန်းခွင်ထဲမှထွက်၍ သူမ၏ အစ်မဖြစ်သူအား အသိပေးအကြောင်းကြား၍ အိမ်သို့ ပြန်လာရှာသည့်အခါ ရေချိုးခန်းထဲရှိ ရေချိုးကန် (Bathtub) ထဲတွင် နှာခေါင်းမှ သွေးထွက်လျက် ပက်လက်လှန်အနေအထားဖြင့် သတိမေ့မျောနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သေကြောင်းကြံစည်သည့် အမျိုးသမီး၏ ချစ်သူအမျိုးသားကို ကိုးကား၍ မိသားစုဝင်များက ပြောဆိုသည်။

ထိုအမျိုးသမီးကို ရေချိုးကန်ထဲမှ သယ်ထုတ်ယူပြီး သူမ၏ ချစ်သူအမျိုးသားက အရေးပေါ်တယ်လီဖုန်းနံပါတ် နိုင်းဝမ်းဝမ်း (911) ကို ဖုန်းခေါ်ဆိုရာ မိနစ်အနည်းငယ်အတွင်းတွင် ဆေးရုံတင်ကား၊ ရဲကားနှင့် မီးသတ်ကားများ ရောက်ရှိလာပြီး သူမအား ဆေးရုံကြီးသို့ အချိန်မှီပို့ဆောင်ခဲ့သည်ဟု သိရသည်။

ဆေးရုံသို့ရောက်ရှိပြီးနောက် ဆရာဝန်နှင့် သက်ဆိုင်ရာ ရဲဌာနမှ သေကြောင်းစံစည်သည့် အမျိုးသမီးနှင့် ၄င်း၏ အစ်မဖြစ်သူအား လုပ်ထုံးလုပ်နည်း ဥပဒေနဲ့အညီ မေးမြန်းစစ်ဆေးချက်များ ရယူခဲ့သည်ဟု ဆိုသည်။

ရဲဌာနတွင် သေကြောင်းကြံစည်သော အမျိုးသမီး၏ထွက်ဆိုချက်အရ သူမ၏ ချစ်သူအမျိုးသားနှင့် အတွင်းရေးရာ မပြေလည်မှုကြောင့် မကြာခဏ အချေအတင် စကားများရန်ဖြစ်လေ့ရှိပြီး ထိုသို့ အဆင်မပြေမှုများရှိသောကြောင့် ယခုလို သူမကိုယ် သူမ သေကြောင်းကြံစည်ခဲ့ရခြင်းဖြစ်သည်ဟု သိရှိရသည်။

အဆိုပါ သေကြောင်းကြံစည်မှုနဲ့ ပတ်သက်၍ " သမီးရည်းစား အချင်းချင်း၌ပင်ဖြစ်စေ၊ မိသားစုအတွင်း၌ပင်ဖြစ်စေ ပြဿနာကို တဦးနှင့်တဦး နားလည်မှုရရှိနိုင်အောင် ဦးစွာကြိုးစားပြီး အတိုးအလျော့လုပ်ကာ ညှိနှိုင်းအဖြေရှာသင့်ပါတယ်။ ယခုလို သေကြောင်းကြံစည်တာဟာ ရာဇ၀တ်ကြောင်းအရ ပြစ်မှုမြောက်စေပြီး မှန်ကန်တဲ့ ထွက်ပေါက်၊ မှန်ကန်တဲ့ အဖြေရှာဖွေမှုမဟုတ်ပါဘူး။ " ဟု သေကြောင်းကြံစည်သည့် အမျိုးသမီး မိသားစုနှင့် ရင်းနီးသည့် ပညာတတ် သက်ကြီးတစ်ဦးက ကောက်ချက်ချသည်။

ယခုအခါ သေကြောင်းကြံစည်သည့် အမျိုးသမီးကို ဆရာဝန်များ စမ်းသပ်ချက်အရ စိတ်ဖိစီးမှုဝေဒနာ ခံစားနေရသည်ကို တွေ့ရှိရသောကြောင့် စိတ္တဇလူနာဆေးရုံသို့ ထပ်မံပို့ဆောင်လိုက်ပြီး နောက်ဆက်တွဲအမှုကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မှတ်ချက်။ အမည်များကို ကာယကံရှင်နှင့် မိသားစုဝင်များမှ မဖော်ပြစေလိုသည့်အတွက် သတင်းမှာ ဖော်ပြထားခြင်းမရှိပါ။

No comments: