Wednesday, July 3, 2013

စစ်တပ်သိမ်းမြေ ပြန်ပေးမည် ဆိုသည်မှာ စိတ်မချရသေး၊ သီးစားတောင် လုပ်ခွင့် မရတော့

သိန်းလှိုင်

စစ်တပ်မှ သိမ်းပိုက်ထားခဲ့သည့် မြေများကို ဇူလိုင်လတွင် မူလပိုင်ရှင်ထံသို့ ပြန်ပေးတော့ မည်ဟု ဝန်ကြီးက ပြောဆိုသော်လည်း လက်ရှိ ဖြစ်ပျက်နေသည့် အနေအထားအရ ယုံကြည် စိတ်ချ၍ မရသေးကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးဖေသန်း က မဇ္ဈိမကို ပြောကြားလိုက်သည်။

စီမံကိန်း အသုံးပြုထားပြီး မြေများမှလွဲ၍ ကျန် တပ်သိမ်းမြေ အားလုံး ပြန်ပေးမည်ဟု ကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် က စုံစမ်းရေးကော်မရှင် တာဝန်ရှိသူများနှင့် ဇွန်လ ၂၆ ရက်နေ့တွင် နေပြည်တော် ၌ တွေ့ဆုံစဉ် ကတိပြုခဲ့သော်လည်း လယ်သမားများ လက်တွေ့ ရင်ဆိုင်နေရသည့် အတွေ့အကြုံအရ သီးစား လုပ်ပိုင်ခွင့်ပင် ဆုံးရှုံးနေရကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒု-ဗိုလ်ချုပ်ကြီးဝေလွင် က နှုတ်အားဖြင့် ကတိပေးထားပေမယ့် လက်တွေ့မှာ လယ်သမားတွေ ကိုယ့်လယ်ကို ကိုယ်လုပ်ခွင့်မရ ဖြစ်နေကြရတယ်။ အရင်တုန်းက တပ်က သိမ်းထားချိန်မှာတောင် လယ်သမားတွေဟာ သီးစားခ ပေးပြီးတော့ လုပ်ကိုင်ခွင့် ရှိခဲ့သေးတယ်။ ကုန်ခဲ့တဲ့ ငါးလ လောက်က တပ်ဖက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တဦးက စစ်တပ်အနေနဲ့ သီးစားမချရဘူး ပြောလိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ လယ်သမားတွေ လယ်လုပ်ခွင့်တောင် မရှိတော့ဘူး။ ပြန်ပေးမယ် ဆိုတဲ့အပေါ် ကျနော်တို့ စောင့်ကြည့်ရဦးမှာပါ” ဟု ဆိုသည်။

တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင် က ဇန်နဝါရီလအတွင်း ကော်မရှင်နှင့် တွေ့ဆုံစဉ် “တပ်မတော် အနေဖြင့် သိမ်းဆည်းမြေများအပေါ် သီးစားချထားခြင်း မပြုရန် ညွှန်ကြားထားခဲ့ပြီး အကယ်၍ သီးစားချ ထားသည်ကို သိရပါက အဆိုပါ တပ်ဖက် တာဝန်ရှိသူအား ထိရောက်စွာ အရေးယူသွားမည်” ဟု ပြောဆို ခဲ့ခြင်း ဖြစ်သည်။

လယ် ပြန်မပေးသေးဘဲ သီးစားလုပ်ခွင့် ရုတ်လိုက်၍ လက်ရှိတွင် လယ်သမားများ လယ်မလုပ်ရဘဲ ဒုက္ခရောက် နေကြရသည်ဟု ကာယကံရှင် လယ်သမားများနှင့် ၎င်းတို့အရေးဆောင်ရွက်ပေး သူများက ဆိုကြသည်။

“တပ်မြို့ဖြစ်တဲ့ ကျမတို့ အမ်းမြို့မှာ မြေအသိမ်းခံ လယ်သမားတွေဟာ အရင်နှစ်တွေက စစ်တပ်ကို အခပးပြီးတော့ ကိုယ့်လယ်ကို လုပ်ကိုင်ခွင့် ရခဲ့ပေမယ့် ဒီနှစ်မှာ လယ်လုပ်ခွင့် မရကြတော့လို့ စားဝတ်နေရေး အခက်ကြုံနေကြရတယ်” ဟု ရခိုင်ပါတီတခုဖြစ်သော RNDP ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုး က မဇ္ဈိမကို ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့၌ တပ်သိမ်းမြေ ဧက ထောင်ချီ ရှိနေပြီး ထိုမြေများ ပြန်ရရေးအတွက် စုံစမ်းရေးကော်မရှင်သို့ တိုင်တန်းထားကြောင်း ဒေါ်သွယ်သွယ်စိုး က ဆိုသည်။

အမ်းမြို့မှ မြေသိမ်းခံ လယ်သမားတဦးကလည်း “နပခ လက်အောက်ခံ၊ ထောက်ပို့တပ်နဲ့ လုံးရွာကြားမှာ ကျနော်တို့ လယ်သမား ၁၁ ဦး ပိုင်တဲ့လယ်မြေ ၂၃ ဒဿမ ၉ ဧက ရှိတယ်။ ဒီ မြေအတွက် နှစ်တိုင်း
မြေခွန်ပြေစာ သွင်းနေရတုန်းပါပဲ။ အရင်တုန်းက တဧကကို ၁၀ တင်းနှုန်းနဲ့ ထောက်ပို့တပ်ကို ပေးသွင်းနေခဲ့ရတာ မနှစ်က စီမံကိန်းမလုပ်တဲ့ မြေတွေ ပြန်ရမယ်ဆိုလို့ ကော်မရှင်ကို တိုင်လိုက်တာနဲ့ လယ်လုပ်ခွင့် မဆိုထားနဲ့ လယ်နားတောင် ကပ်ခွင့် မရတော့ဘူး”
ဟု ပြောပြသည်။

ဗိုလ်ချုပ်မင်းနိုင် အဆိုအရ မြန်မာ တနိုင်ငံလုံးတွင် တပ်သိမ်း လယ်မြေဧက ၁၉,၀၀၀ ဒဿမ ၅၁၉ ရှိပြီး ၄၃၁ ဧက အတွက် ကျပ်သန်းပေါင်း ၉၉၉ ဒဿမ ၂၅ သန်းကို ၂၀၁၂ ခုနှစ်အတွင်း လျော်ကြေး ပေးခဲ့ပြီး
ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

သို့သော် ကော်မရှင်သို့ တိုင်ကြားချက်များအရ တနိုင်ငံလုံးတွင် တပ်သိမ်းလယ်မြေ ဧကပေါင်း ၂၄၇,၀၇၇ ဒဿမ ၀၆ ဧက ရှိနေပြီး ရခိုင်ပြည်နယ်တွင်ပင် စစ်တပ်သိမ်းမြေဧက တသောင်းကျော် ရှိသည်ဟု သိရသည်။

ထိုသို့ စာရင်းနှစ်ခု ကွာခြားနေရခြင်းမှာ တပ်မြေအဖြစ် အမှန်တကယ် သိမ်းရမည့် မြေဧရိယာထက် ပို၍ သိမ်းဆည်းထားခြင်းကြောင့် ဖြစ်သည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးဖေသန်းက မှတ်ချက် ပေးသည်။

“ကျနော်တို့ ကွင်းဆင်း စစ်ဆေးချက်အရ လိုအပ်တာထက် ပိုသိမ်းထားတာ တွေ့ရတယ်။ ဥပမာ မင်းပြားမြို့ နယ်၊ ကမ်းနီမှာရှိတဲ့ တိုင်းဗဟို ၉ တပ်မြေ အတွက် အမှန်တကယ်လိုအပ်တာက ဧက ၁၀၀ လောက်မှာ သိမ်းထားတာက ဧက ၆,၀၀၀ သိမ်းထားတယ်။ ဂွမြို့နယ်၊ ကမ်းသာယာမှာ ဟိုတယ်ဆောက်ဖို့ အမှန်တကယ် လိုအပ်တဲ့မြေဧက ၂၀ အတွက် ၃၀၇ ဧကကို ခလရ(၅၅)က သိမ်းထားတယ်။ အလုပ်လည်း ခုထိ မဖြစ်သေး ဘူး” ဟု ဆိုသည်။

စစ်အုပ်ချုပ်ရေး ယန္တယား လည်ပတ်နေစဉ်က မလျော်သြဇာဖြင့် လယ်ယာ မြေများကို အဓမ္မသိမ်းဆည်းခဲ့ပြီး မဆိုစလောက် လျော်ကြေးသာ ပေးခဲ့သည်ဟု ဦးဖေသန်း က ပြစ်တင်လိုက်သည်။

“သိမ်းတဲ့အခါပြေစာ မရှိရင် အခမဲ့ သိမ်းပစ်တယ်။ ပြေစာရှိရင် လျော်ကြေးတော့ ပေးတယ်။ ဒါပေမယ့် သူတို့ သုံးတဲ့ ဗြိတိသျှ လက်ထက်က မြေသိမ်းဥပဒေအရ လျော်ကြေးငွေက ၁ ဧက ၁ ကျပ်ပဲ ရှိတယ်။ အဲဒီ ၁ ကျပ်ကို ၁၂ နဲ့မြှောက်ပြီးတော့ တဧက ၁၂ ကျပ်နှုန်းနဲ့ ပေးတော့ မြေ ၅ ဧက ရှိတဲ့ လယ်သမားဟာ လျော်ကြေးငွေ ၆၀ ပဲ ရတယ်။ ဒီတော့ လယ်သမားတွေ လျော်ကြေး မယူတော့ဘူးပေါ့။ မယူပြန်ရင်လည်း ခြိမ်းခြောက်ပြီး ဘောင်ဝင်အောင် အဓမ္မ လက်မှတ်ရေးထိုး စေခဲ့တာ ဖြစ်တယ်” ဟု စုံစမ်းတွေ့ရှိရချက်ကို ရှင်းပြသည်။

မည်သို့ဆိုစေ ကာကွယ်ရေးဝန်ကြီး၏ ပြောစကားအပေါ် မျှော်လင့်ချက်ထား စောင့်စားနေသည့် လယ်သမား များလည်း ရှိကြသည်။

ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲတွင် လယ်မြေဧက ၇၄၇ ဒဿမ ၄၅ဧက ကို ခလရ (၅၅)မှ စက်ပစ်ကွင်း (သေနပ် ပစ် လေ့ကျင့်ကွင်း) ပြုလုပ်ရန် သိမ်းဆည်းထားခဲ့သော်လည်း “ဒီကနေ့ထိ သိမ်းဆည်းမြေမှာ ဘာမှလုပ်တာ မရှိသေးဘူး။ တောက်လျှောက် ပေးလာရတဲ့ သီးစားခလည်း ကျနော်တို့ မပေးတော့ဘူး။ ဒါပေမယ့် ကိုယ့်မြေ ကို စိတ်ချလက်ချ လုပ်ချင်တာပေါ့။ ဒီအတွက် စစ်တပ် ခေါင်းဆောင်တွေ အပြောနဲ့ အလုပ် ညီပါစေလို့ပဲ ဆုတောင်းနေရတာပေါ့ဗျာ” ဟု သဲကုန်းရွာမှ တောင်သူ ဦးဝင်းထွဋ် က ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ကို ဦးတင်ထွဋ် ဦးဆောင်၍ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆၀ ဖြင့် အဖွဲ့ ၉ ဖွဲ့ခွဲ၍ ပြည်နယ်နှင့်တိုင်းများတွင် စစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်သည်။

No comments: