Tuesday, July 9, 2013

ဗုဒ္ဓဂါယာဗုံးပေါက်မှု မသင်္ကာသူ ဖမ်းဆီးထား၊ ရွှေတိဂုံမှာ လုံခြုံရေးတိုးချ

ABC
အိန္ဒိယနိုင်ငံ ​ဗီဟားပြည်နယ်ရှိ ​ဗုဒ္ဓဂါယာမြို့ ​ဘုရားဝိုင်း ​ဗုံးပေါက်ကွဲမှုနဲ့ ​ပတ်သက်ပြီး ​လူတစ်ယောက်ကို ​ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ​လုံခြုံရေးအတွက် ​ထားရှိတဲ့ ​CCTV ​ဗီဒီယိုတွေကိုလည်း ​ပြန်လည်ကြည့်ရှု ​စစ်ဆေးနေပြီလို့ ​သိရပါတယ်။

လုံခြုံရေး ​CCTV ​ဗီဒီယိုတွေအရ ​လူနှစ်ယောက်က ​ဗုံးတွေ ​လိုက် ​ထောင် ​နေ ​တာမျိုး ​တွေ့ရတယ် ​လို့လည်း ​သိရပါတယ်။

ဗုဒ္ဓဂါယာရှိ ​ကမ္ဘာ့ရှေးဟောင် ​အမွေအနှစ်တစ်ခုဖြစ်တဲ့ ​မဟာဗောဓိဘုရားမှာ ​ဖြစ်ပွားခဲ့တဲ့ ​ဗုံးပေါက်ကွဲမှုကြောင့် ​ဗုဒ္ဓဘုန်းတော်ကြီး ​နှစ်ပါး ​ဒဏ်ရာရခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ​ဗုံး ​၉ ​လုံးပေါက်ကွဲတယ်လို့ ​အိန္ဒိယရဲတွေက ​ပြောခဲ့ပေမယ့် ​မနေ့တုန်းကတော့ ​အသေးစား ​ဗုံး ​၁၀ ​လုံးပေါက်ကွဲပြီး ​မပေါက်ကွဲသေးတဲ့ ​ဗုံး ​သုံးလုံးကိုလည်း ​တွေ့ရှိခဲ့တယ်လို့ ​ပြောပါတယ်။

CCTV ​ထဲမှာ ​မြင်ရတဲ့ ​လူနှစ်ယောက်ဟာ ​ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ​ရဲတွေက ​အသဲအသန်စုံစမ်းမှုတွေလုပ်နေတယ်လို့လည်း ​အိန္ဒိနိုင်ငံ ​အစိုးရက ​ပြောပါတယ်။

ဒီဗုံးပေါက်မှုနဲ့ ​ပတ်သက်ပြီး ​ဒေသခံတစ်ဦးဖြစ်သူ ​Vinod ​Mistri ​ကို ​ရဲတွေက ​ထိန်းသိမ်းလိုက်ပြီး ​စစ်ဆေးမေးမြန်းမှုတွေ ​လုပ်နေတယ်လို့ ​အေအက်ဖ်ပီ ​သတင်းအရ ​သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ ​ဗုဒ္ဓဘာသာဝင်တွေ ​တိုက်ခိုက်ခံရလေ့ ​မရှိပေမယ့် ​မကြာသေးခင်ကပဲ ​မြန်မာနိုင်ငံနဲ့ ​သီရိလင်္ကာနိုင်ငံမှာ ​မွတ်စလင်တွေ ​ဖိနှိပ်ခံရမှုတွေ ​ဖြစ်ပေါ်ပြီးနောက် ​တင်းမာမှုတွေ ​ရှိနေသလို၊ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​ဗုဒ္ဓဘာသာဝင်တွေ ​နှိမ်နင်းခံရမှုတွေ ​ဖြစ်ပေါ်ပြီးနောက် ​အာရှဒေသတွင်းမှာ ​တင်းမာမှုတွေ ​ရှိနေပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ​မြန်မာနိုင်ငံက ​ရွှေတိဂုံဘုရားမှာ ​လုံခြုံရေး ​ပိုချထားလိုက်သလို ​သီရိလင်္ကာနိုင်ငံမှာလည်း ​ဗုဒ္ဓဘာသာဝင်တွေ ​အထွတ်အမြတ်ထားရာ ​မဟာဗောဓိ ​ညောင်ပင်တည်ရှိပြီး ​နာမည်ကြီးတဲ့ ​ဘုရားရင်ပြင်တစ်ခုလုံးမှာလည်း ​လုံခြုံရေးတွေ ​တိုးချဲ့ ​ချထားပြီလို့ ​သိရပါတယ်။

အိန္ဒိယနိုင်ငံ ​ဗုဒ္ဓဂါယာရှိ ​မဟာဗောဓိ ​ဘုရားဝိုင်းအတွင်းမှာ ​ပေရှစ်ဆယ် ​မြင့်တဲ့ ​ဗုဒ္ဓဆင်းတုတော်နဲ့ ​ဂေါတမမြတ်စွာဘုရား ​တရားကျင့်ရင်း ​တရားတော်ပေါက်ခဲ့တဲ့ ​နေရာလို့ ​ယုံကြည်ကြတဲ့ ​ဗောဓိညောင်ပင်ကြီးလည်း ​ရှိတဲ့အပြင် ​ဘုရားဝိုင်းအတွင်းမှာ ​ကမ္ဘာအရပ်ရပ်က ​ဗုဒ္ဓဘုန်းတော်ကြီးတွေ ​နေထိုင်သတင်းသုံးနိုင်အောင် ​ထားပေးတဲ့ ​အဆောင်တွေ ​အတော်များများလည်း ​ရှိကြောင်း ​သိရပါတယ်။

ဗုဒ္ဓဂါယာမြို့ ​မဟာဗောဓိ ​ဘုရားမှာ ​ဖြစ်ခဲ့တဲ့ ​တိုက်ခိုက်မှုမျိုး ​ထပ်မဖြစ်အောင် ​နိုင်ငံတချို့က ​ဗုဒ္ဓသံဃာတော်တွေ ​ဆန္ဒပြ ​ဝတ်ပြု ​ဆုတောင်းမှုတွေ ​ပြုလုပ်ခဲ့ကြတယ်လို့လည်း ​သိရပါတယ်။

No comments: