Friday, July 26, 2013

အခြေခံဥပဒေပြင်ရန် လေ့လာမည့် ကော်မတီကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်

မင်းမင်း | သောကြာနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၃

ပြန်လည်ပြင်ဆင်သင့်သည်ဟု ဝေဖန်ခံနေရသည့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သည့်အချက်များ ပြန်ပြင်သင့်သည်ကို လေ့လာရန် လွှတ်တော်နှစ်ရပ်မှ အမတ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းလိုက်သည့် ကော်မတီကို ဇူလိုင် ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။

ကော်မတီတွင် လွှတ်တော်နှစ်ရပ်တွင် ရှိနေသည့် နိုင်ငံရေးပါတီများမှ အမတ်ဦးရေကို အချိုးကျ ထည့်သွင်း ဖွဲ့စည်းထားသည်။ ထိုကော်မတီကို ဖွဲ့စည်းရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအမတ် သူရဦးအေးမြင့်က မတ် ၂၀ ရက်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကာ လွှတ်တော်က သဘောတူသည့်အတွက် လေးလခန့်အကြာတွင် ယင်းကဲ့သို့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဖွဲ့ဝင် ၁၀၉ ဦးတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမတ် ၅၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၇ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ၄ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၃ ဦး၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ၂ ဦးနှင့် အခြားပါတီများမှ ၁ ဦးစီ ပါဝင်သည်။ ထို့အပြင် တသီးပုဂ္ဂလအမတ် ၃ ဦးလည်းပါသေးသည်ဟု ထိုကော်မတီဝင်ဖြစ်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ အောက်လွှတ်တော်အမတ် ဦးသိန်းညွန့် က
မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

ဦးသိန်းညွန့်က ၎င်းတတ်စွမ်းသမျှ ထိုအခြေခံဥပဒေကို ပြောင်းလဲရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး ဝေဖန်ခံနေရသည့် ယင်းဥပဒေကို ကော်မတီအနေဖြင့် မည်မျှအထိ ပြုပြင် ပြောင်းလဲနိုင်မည်ကိုမူ ခန့်မှန်းရန် စောသေးသည်ဟု ဆိုသည်။

ကော်မတီတွင်ပါဝင်သည့် NLD ပါတီ၏ အထက်လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့် ကလည်း “ပြောင်းလဲသင့်တဲ့ အချက်တွေကိုတော့ ပေါ်ပေါ်တင်တင် ပြည်သူကို ချပြနိုင်မှာပါ။ ပြောင်းလဲဖို့ကတော့ တအားကြီးလည်း မျှော်လင့်ထားလို့ မရဘူး” ဟု ဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၄၃၆ အရ ယင်းဥပဒေ၏ အရေးပါ အခရာကျသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ သဘောတူညီချက်ဖြင့်သာ ပြင်ဆင်နိုင်ပြီးပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန်လည်း လိုသေးကာ ပြည်သူထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်ခွင့်ပေးထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ၏ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက တာဝန်ယူပြီး ဒုတိယ ဥက္ကဋ္ဌများအဖြစ် လွှတ်တော်နှစ်ရပ်မှ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးက တာဝန်ယူမည် ဖြစ်သည်။

ထိုကော်မတီ၏ လုပ်ပိုင်ခွင့်များ၊ တာဝန်များ၊ လုပ်ထုံးများနှင့် သက်တမ်းတို့ကို မူကြမ်း ရေးဆွဲရဦးမည် ဖြစ်သည်ဟု အမတ်များက ဆိုသည်။

သမ္မတဦးသိန်းစိန်သည်လည်း မေလအတွင်းက သူ၏ အမေရိကန်ခရီးစဉ်၌ မြန်မာများနှင့် တွေ့ဆုံစဉ် အခြေခံဥပဒေကို သော့ခတ်မထားသဖြင့် ပြင်လိုက ပြင်နိုင်သည်ဟု ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်က နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ပြည်သူအများ အလူးအလဲခံနေရစဉ် စစ်အစိုးရက အငြင်းပွားဖွယ်ရာ ဆန္ဒခံယူပွဲလုပ်၍ အတည်ပြုလိုက်သော ထိုဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မြန်မာ့နိုင်ငံရေး အင်အားစုများ၏ ဆန့်ကျင်ကန့်ကွက်ခြင်းကို ခံခဲ့ရသည်။

ထိုအခြေခံဥပဒေအရ ပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအများစုကလည်း လွှတ်တော်တွင်းမှနေ၍ပြင်ဆင်ရေးကို ပြုလုပ်သွားမည်ဟု မဲဆန္ဒရှင် ပြည်သူများအား ကတိပြုခဲ့သည်။

ထို့ပြင် အဓိက အတိုက်အခံ အင်အားစုကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ၎င်းတို့ပါတီ၏ “ရွှေဂုံတိုင်လမ်း ကြေညာချက်”အထိ ထိုအခြေခံဥပဒေပါ ဒီမိုကရေစီစံနှင့် မကိုက်ညီသည်များကို မပြင်ပါကရွေးကောက်ပွဲမဝင်ဟု ဆန့်ကျင်ခဲ့သည်။ ထို့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် “အခြေခံဥပဒေ ပြင်ရေး” ကို ကြွေးကြော်သံတရပ်အဖြစ် တင်ကာ ရွေးကောက်ပွဲတွင် အောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

No comments: