Wednesday, July 10, 2013

KIO ဌာနချုပ်ရှိ အလဲန့်ဘွမ်ကျောင်း ယနေ့မှ စဖွင့်

KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိ IDP ဒုက္ခသည် အလဲန့်ဘွမ်ကျောင်းကို တစ်လနောက်ကျ၍ ယနေ့မှ ဖွင့်လှစ်နိုင်ကြောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။

ပုံမှန်ကျောင်းဖွင့်ချိန်သည် ဇွန်လမှစ၍ သင်ကြားနေပြီ ဖြစ်သော်လည်း KIO စစ်ဌာနချုပ်ဟောင်း အလဲန့်ဘွမ် (Alen Bum) ကျောင်းတွင် ကျောင်းဆောင်အခက်အခဲနှင့် ဆရာ/ဆရာမ အခက်အခဲကြောင့် ယခုချိန်မှ ဖွင့်နိုင်ခြင်းဖြစ်ကြောင်း အလဲန့်ဘွမ်ကျောင်းအုပ်ကြီး ဦးခေါင်လွမ်း ပြောသည်။

“ကျနော်တို့ ဒီမနက်ဖွင့်ပွဲလုပ်တယ်၊ မနက်ဖြန်ကနေပြီး စာသင်ကြားတော့မှာဖြစ်တယ်၊ ဒီမှာက ဒုက္ခသည်ကလေး တွေကို အဓိကထားလက်ခံတာဖြစ်တယ်၊ ကျောင်းစာကို အဓိကထားသင်မယ်၊ ဒါပေမဲ့ အပြင် က အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့ စိုက်ပျိုးရေးတို့ကိုလည်း သင်ကြားသွားမှာဖြစ်တယ်၊ တရုတ်စာလည်း သင်သွားမယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းကျောင်းသည် အလယ်တန်းနှင့် အထက်တန်းအတွက်သာဖြစ်ပြီး တက်ရောက်မည့် ကျောင်းသူ/သား ဦးရေ ၁၇၂၉ ဦး ရှိကြောင်းသိရသည်။

အလဲန့်ဘွမ်တောင်ကုန်းရှိ IDP ကျောင်းကို လိုင်ဇာမြို့အနီးတ၀ိုက်ရှိ ဒုက္ခသည်စခန်းများတွင် အထက်တန်း တက်ရောက်မည့် ကျောင်သားများ ပိုမိုတိုးလာကာ စာသင်ကျောင်းဆောင် မလုံလောက်သည့် အခက်အခဲ ကြောင့် ယခုနှစ်မှ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ကျောင်းသူ/သားများသည် ဘော်ဒါဆောင်နေရမည်ဖြစ်ပြီး ၎င်းတို့၏ အစားအသောက်အတွက် KIO ဒုက္ခသည် ကူညီရေးကော်မတီမှ ကူညီပေးကာ အခြားလိုအပ်သော ပစ္စည်းကိရိယာများအတွက် NGO အဖွဲ့အစည်းများ၊ စေတနာရှင်များနှင့် ဘာသာရေးအသင်းတော်များမှ ကူညီပေးနေကြောင်း ကျောင်းအုပ်ကြီး ဦးခေါင်လွမ်း ကပြောသည်။

KIO ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားသော အခြားကျောင်းများတွင် ဇွန်လဆန်းမှ စတင် သင်ကြားနေပြီဖြစ်သည်။

No comments: