Friday, July 12, 2013

ဗုဒ္ဓဂါယာ ဗုံးဖေါက်ခွဲမှုကို RWU ပြင်းထန်စွာ ရှုတ်ချ

မိုးဇော်

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂါယာတွင် အကြမ်းဖက်လူတစ်စုမှ ၀င်ရောက်ဗုံးဖေါက်ခွဲမှုကြောင့် သံဃာတော်နှစ်ပါး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး အနည်းငယ်ပျက်စီးသွားခြင်းအပေါ် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU)မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဇူလိုင်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် သဘောထားတစ်စောင် ထုတ်ပြန်လိုက်သည်။

ဗုဒ္ဓဂါယာသည် တကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်များအားလုံးအထွဠ်အမြတ်ထားသည့် နေရာဖြစ်ကြောင်း၊ ၄င်းနေရာကို ဗုံးခွဲလုပ်ကြံခြင်းမှာ အထူးပင်ရက်စက်လွန်းလှပါကြောင်း၊ ဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားသည် ငြိမ်းချမ်းရေးသာဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကမ္ဘာကြီးအေးငြိမ်းချမ်းသာစေမည့် တရားများကိုသာ ဟောတော်မူခဲ့ကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တ၀ါဟူသမျှကို ရင်ဝယ်သားပမာ မေတ္တာပွါးနိုင်ခဲ့သည့် မဟာပူရိသ ဖြစ်တော်မူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား မရှိသည့်နောက်ပိုင်းတွင် ဗုဒ္ဓကိုရည်စူးဖူးမျှော်လိုကြသည့် ကမ္ဘာတ၀န်းမှ ဘုရားဖူးများ ဗုဒ္ဓဂါယာသို့ လာရောက်ဘုရားဖူးကြခြင်းမှာ မင်္ဂလာတပါးပင်ဖြစ်သည်။

" ၂၀၀၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဖကန်နစ္စတန် ဘာမီယမ် တောင်ကြားရှိ ဧရာမကြီးကျယ်သော ဗုဒ္ဓရုပ်ပွါးတော်များကို အစွမ်းရောက်တာလီဘန်များက ဒိုင်းနမိုင်းဖြင့် ဖြိုခွဲဖျက်စီးခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၉) ရက်နေ့  ည ၁၀ နာရီခန့်၌လည်း ဘင်္ဂလားဒေ့(ခ်ျ)နိုင်ငံ၌ ရာမူးခေါ် (ပန်းဝါ) မြို့ရှိ ဘုရားကျောင်းကန်များစွာ တိုက်ခိုက်ခံခဲ့ရသည်။ " ဟု RWU မှ ဆိုသည်။

ဗုဒ္ဓဘာသာ ထာဝစဉ်တည်တံ့ရေးနှင့် သာသနိက အဆောက်အဦးများ အစွမ်းရောက်တို့၏ လက်ချက်ကြောင့် ဘေးအန္တရာယ် မကျရောက်စေရေးအတွက် ကမ္ဘာကြီးတခုလုံးမှ ၀ိုင်းဝန်း၍ကာကွယ်ကြရန် ထုတ်ပြန်ချက်တွင် RWU မှ တိုက်တွန်းထားသည်။

ထို့အတူ မြင့်မြတ်သည့်နေရာ ဗုဒ္ဒဂါယာလုံခြုံရေးအတွက်လိုအပ်သော စီမံဆောင်ရွက်ခြင်းများပြုပါရန် အိန္ဒိယအစိုးရအား RWU မှ ဆက်လက်ပြီး မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

No comments: