Friday, September 13, 2013

မလေးရှားရောက် တရားမဝင် မြန်မာများအား နိုင်ငံကူး လက်မှတ် ထုတ်ပေးရန်ရှိ

ရွှေဟင်္သာ

မလေးရှား နိုင်ငံရောက် တရားမဝင် မြန်မာ အလုပ်သမား များအား နိုင်ငံကူး လက်မှတ်များ ထုတ်ပေး သွားရန် မြန်မာ အလုပ်သမား ဝန်ကြီး ဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်များ မလေးရှား အစိုးရနှင့် မူအရ သဘော တူခဲ့သည်ဟု အလုပ် သမားများ ပြည်တော် ပြန်နိုင်ရေး အတွက် အကူအညီ ပေးနေသည့် ကိုသီဟ မောင်မောင်က ဆိုပါသည်။

“အဓိက ညှိနှိုင်း သွားတာ ကတော့ မလေးရှားမှာ ရှိတဲ့ တရားမဝင် အလုပ်သမား တွေကို တရားဝင်ဖို့ သူတို့ One Stop Service လိုမျိုး လုပ်ဆောင်ဖို့ ညှိနှိုင်းကြတယ်” ဟု ဆိုပါသည်။

ထိုသဘော တူညီချက်သည် မလေးရှား ပြည်ထဲရေး ဝန်ကြီး ဌာန ဝန်ကြီး Datuk Seri Dr Ahmad Zahid Mamidi နှင့် မြန်မာ အလုပ်သမား အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် တို့က စက်တင်ဘာလ (၁၀) ရက်နေ့၌တွင် သဘော တူခဲ့ခြင်း ဖြစ်သည်။

အလုပ်သမား အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် ဦးဆောင်ပြီး နိုင်ငံ ခြားရေး ဝန်ကြီး ဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနမှ တာဝန် ရှိသူများ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ပြီးခဲ့သည့် တနင်္လာနေ့ စက်တင်ဘာ (၉) ရက်နေ့ ၌ မလေးရှား အစိုးရနှင့် ညှိနှိုင်းရန် ရောက်ရှိ လာခဲ့ပေသည်။

မလေးရှားနိုင်ငံ၌ မြန်မာ အလုပ် သမားပေါင်း ၂၅၇, ၀၀၀ ဦးရှိပြီး ထိုထဲမှ ၁၁၃, ၀၀၀ ဦးတို့ သည်သာ တရားဝင် စာရွက် စာတမ်း အထောက် အထားဖြင့် နေထိုင် ကြပြီး၊ ကျန် ၁၁၄, ၀၀၀ ဦးတို့မှာ တရားမဝင် အလုပ်သမားများ ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့ ရက်စွဲထုတ် မလေးရှား The Star အင်တာနက် မီဒီယာ၌ ဖော်ပြ ထားပါသည်။


မြန်မာအစိုးရ သည် ONE STOP ဆားဗစ်များ ဖွင့်လှစ်ပြီး ထိုင်းနိုင်ငံ၌ ရှိသည့် တရားမဝင် မြန်မာ အလုပ်သမား များအား နိုင်ငံကူး လက်မှတ်များ ထုတ်ပေးသည့် နည်းဖြင့် ပြသနာ ပြေလည် စေခဲ့ဘူးပါသည်။ ဤသို့ကြောင့် မလေးရှား အစိုးရနှင့် သွားရောက် ညှိနှိုင်း ဆွေးနွေး ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်လည်း မလေးရှား နိုင်ငံမှာမူ ထိုင်းနိုင်ငံ ကဲ့သို့ မဟုတ်ပဲ နိုင်ငံပေါင်း (၁၆) နိုင်ငံမှ တရားမဝင် နိုင်ငံခြား အလုပ်သမား စုစုပေါင်း (၅) သိန်း ခန့် ရှိပါသည်။ ဤသို့ကြောင့် မြန်မာ အပါအ၀င် တခြားနိုင်ငံများနှင့်ပါ ညှိနှိုင်း ရမည် ဖြစ်သဖြင့် အစီအစဉ် အကောင်အထည်ဖေါ်မှု နှောင့်နှေးမည် ဖြစ်ပါသည်။

ထို(၁၆)နိုင်ငံ ထဲတွင်လည်း မြန်မာ အလုပ်သမား ဦးရေသည် အများဆုံး ဖြစ်သည်ဟု မလေးရှားနိုင်ငံ၏ The Star အင်တာနက် မီဒီယာ စာမျက်နှာ၌ ဖော်ပြထားပါသည်။

ထို့ပြင်ပြည်တော် ပြန်လိုသော တရားမဝင် အလုပ်သမား များအား သံရုံး၌ Certificate of Identity (CI) ဟု ခေါ်သည့် နိုင်ငံသား အသိအမှတ်ပြု စာရွက် စာတမ်း များကို အခမဲ့ ထုတ်ပေး နေပြီး လေယာဉ်ပျံဖြင့် တရားဝင် ပြန်နိုင်သည့် သဘော တူညီချက်လည်း ရရှိခဲ့ပါသည်။

လောလောဆယ် ရင်ဆိုင် နေရသည့် အခက်အခဲ များမှာ မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာန၏ ဒဏ်ကြေး ဖြစ်ပါသည်။ ဒဏ်ကြေး နှုန်းထား များမှာ Overstay နေထိုင်သူ များအား တစ်ရက်လျှင် မလေးရှား ရင်းဂစ် (၃၀) ၊ ၆ လ အောက် လျှင် ဒဏ်ကြေး ၁၀၀၀ နှင့် Special Pass ၁၀၀ ပေးဆောင်ရပြီး ၆ လ အထက်မှ ၃ နှစ်အောက်အား ဒဏ်ကြေး ၂၀၀၀ နှင့် Special Pass ၁၀၀ ပေးဆောင် ရပါသည်။ ၃ နှစ်နှင့် အထက်ကိုမူ ဒဏ်ကြေး ၃၀၀၀ နှင့် Special Pass ၁၀၀ ဆောင်ရပါသည်။

အဆိုပါ ဒဏ်ကြေး ငွေများ အတွက် သီတဂူ ဆရာတော်မှ မလေးရှား လူဝင်မှု ကြီးကြပ်ရေးအား အမေရိကန် ဒေါ်လာ ၁၀၃,၃၄၀ ကို ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်နေ့က လှူဒါန်း ထားခဲ့ပြီး ဖြစ်သည်။ ထိုငွေကြေးသည် ပြီးခဲ့သည့် ဇူလိုင်လ (၁၀) ရက်နေ့ အထိ ပြန်တော်ပြန်ရန် စာရင်း တင်ထားသည့် အလုပ်သမားများ အတွက်သာ လုံလောက် ခဲ့ပါသည်။


ဆရာတော်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ၌လည်း နောက်ထပ် မြန်မာ ၁၇၈ ဦးအား ပြန်တော် ပြန်ပို့နိုင်ခဲ့ကြောင်း ကိုသီဟမောင်မောင်က ဆိုပါသည်။ ဆရာတော်သည် အခြေအနေအပေါ် မူတည်ပြီး ဆက်လက် ကူညီရန် အစီစဉ် ရှိ နေပါသည်။

ပြည်တော် ပြန်လိုသော မြန်မာ များသည် ပြီးခဲ့သည့် ဇူလိုင်လမှ စတင် လျှောက်ထား ခဲ့ရာ ဦးရေ (၃၅၀၀) ကျော် ရှိပြီး ၄င်း ထဲမှ (၁၄၀၀) ခန့်အား ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း၊ ကျန်သည့်လူ(၂၀၀၀) ကျော်ကိုလည်း ဆက်လက် ပို့ဆောင်ရန် ကျန်ရှိ နေသေးကြောင်း ကိုသီဟမောင်မောင်က ဆိုပါသည်။

No comments: