Friday, September 13, 2013

အစိုးရနှင့် ကေအိုင်အိုတို့လာမည့်လေးရက်တွင် ပြည်ထောင်စုအဆင့် အကြိုတွေ့ဆုံမည်

သိင်္ဂီထွန်း | သောကြာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၃

အစိုးရငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့၏ နည်းပညာ အထောက်အကူပြုအဖွဲ့များသည် မြစ်ကြီးနားမြို့တွင် လာမည့်လေးရက်၌ တွေ့ဆုံကြမည်ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြံပေးဦးလှမောင်ရွှေကပြောသည်။

ရန်ကုန်ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ဦးလှမောင်ရွှေက စက်တင်ဘာ ၁၁ ရက်၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာကလည်း ယခုလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် တွေ့ဆုံမည်ဟု အတည်ပြုသည်။

ထိုတွေ့ဆုံပွဲသည် ယခုလကုန်တွင် အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် ကေအိုင်အိုခေါင်းဆောင်များ တွေ့ဆုံပွဲအတွက် အကြို ညှိနှိုင်းခြင်းဖြစ်ပြီး “ဆွေးနွေးတဲ့အခါ ဘာတွေဆွေးနွေးမယ်။ ဘာခေါင်းစဉ်နဲ့ ဆွေးနွေးမယ်။ ဒါကတော့ ထည့်သင့်တယ်။ မထည့်သင့်ဘူး။ ဆွေးနွေးသင့်တယ်။ မဆွေးနွေးသင့်ဘူးဆိုတာကို ကြို တင်ဆွေးနွေးမယ်လေ” ဟု ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကိုပြောသည်။

ယင်းဆွေးနွေးပွဲ၏ရလဒ်ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း လည်း ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

သို့သော် ထိုပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၏နေရာနှင့် အချိန်အတိအကျကိုမူ မသိရသေးသလို၊ ဆွေးနွေးမည့် အကြောင်းအရာများကိုလည်း တိကျစွာမသိရသေးကြောင်း ဦးလမိုင်ဂွန်ဂျာက ဆက်ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မတီ၏ ဒု-ဥက္ကဋ္ဌဖြစ်သည့် ၀န်ကြီးဦးအောင်မင်းက စက်တင်ဘာလ ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို လာမည့်အောက်တိုဘာလတွင် ပြုလုပ်မည်ဟု ပြောကြားခဲ့သေးသော်လည်း KIO နှင့်မူ ယခုအချိန်အထိ အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ခြင်း မရှိသေးပေ။

ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့တွေ့ဆုံခြင်းမှာ ခုနစ်ကြိမ်မြောက်ဖြစ်သည်။

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် နှစ်ကြိမ်၊ ထိုင်းနိုင်ငံတွင် တစ်ကြိမ်၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင် နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး ယခုနှစ် မတ်လကကချင်ပြည်နယ် မြစ်ကြီးနားတွင် နောက်ဆုံးတွေ့ဆုံခဲ့သည်။ KIO ၏နည်း ပညာအထောက်အကူပြု ရုံးကို မြစ်ကြီးနားတွင် ပြီးခဲ့သည့် ဇူလိုင်တွင် ဖွင့်လှစ်ခဲ့သည်။

KIO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံမှုများရှိသော်လည်း အောက်ခြေ တပ်အချင်းချင်းတွင် စက်တင်ဘာ ၁၁ ရက်အထိ ပစ်ခတ်မှုများရှိနေဆဲဖြစ်သည်။

No comments: