Thursday, September 12, 2013

မန်စီတွင် အစိုးရတပ်နှင့် ကေအိုင်အိုတိုက်ပွဲဖြစ်ပွားဟု ဒေသခံတချို့ဆို

ဖနိဒါ | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၃

ကချင်ပြည် မန်စီမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ မှ တပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေကြောင်း KIO ၏ ဒုက္ခသည်များ ကူညီရေး ကော်မတီ တာဝန်ခံလည်းဖြစ်၊ အရပ်ဖက်အရာရှိလည်းဖြစ်သည့် ဦးဒွဲပီဆားကပြောသည်။

“မနေ့ကလည်း မုန်းခေါင်နဲ့ နမ်လင်းပါကြားမှာ တိုက်ပွဲဖြစ်တယ်။ ဒီနေ့လည်း အဲဒီတိုက်ပွဲကို စစ်ကူလာနေတဲ့ အစိုးရ စစ်ကြောင်းကို တိုက်ပွဲပြန်ဖြစ်တယ်။ ဘယ်အချိန်ထိဖြစ်တယ်ဆိုတာ သတင်းမရသေးဘူး” ဟု သူကဆိုသည်။

မန်စီမြို့မှ ၁၆ မိုင်အကွာအဝေးရှိ မုန်းဒိန်ပါကျေးရွာအထက် ဇော်ဂန်းဘွန်းတောင်တွင် တိုက်ပွဲဖြစ်ပွားကြခြင်းဖြစ်ပြီး စက်တင်ဘာ ၁၁ ရက် နံနက်အထိ တိုက်ပွဲဆက်ဖြစ်နေသေးသည်ဟု မုန်းဒိန်ပါရွာသားတစ်ဦး ကပြောသည်။

“မနေ့က ၈ နာရီလောက်မှာ သူတို့အစိုးရတပ်က မဂျီကုန်ကဂျီက ဆင်းလာတယ်။ KIA တပ်ဘက်ကလည်း သူတို့ ဆင်းလာတာတွေ့တော့ ၀ိုင်းထားတာ ၁၀ နာရီ ၁၁ နာရီကနေ တိုက်ပွဲဖြစ်တာ ရပ်လိုက်၊ ပြန်တိုက်လိုက်နဲ့ မနေ့က ညနေ ၅ နာရီလောက်မှ တိုက်ပွဲငြိမ်သွားတယ်။ ဒီမနက်လည်း ၆ နာရီကနေ ပြန်ဖြစ်နေတာ ၁၀ နာရီလောက်မှာပြန်ငြိမ်သွားတယ်” ဟု ထိုဒေသခံက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဆုံးနေရာတွင် ကောင်ဂျာကျေးရွာရှိပြီး ထိုတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် သူများမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် မံစီမြို့နယ်စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) မှ စည်းရုံးရေး ဥက္ကဋ္ဌ ဦးတင်အောင် က KIA တပ်ရင်း ၁၂၊ ၂၇ တို့ အခြေချထားသော မုန်းခေါင်ကျေးရွာအနီးတွင်တိုက်ပွဲ ဖြစ်ပွားသည်ဟု သိရသော် လည်း အသေးစိတ်ကို စုံစမ်းနေဆဲဟုပြောသည်။

“ကျွန်တော်တို့ ယူဆရတာတော့ သစ်တွေလိုက်ဖမ်းနေတဲ့ ကိစ္စထင်တယ်။ တိုက်ပွဲရယ်လို့ မဟုတ်ဘူးထင်တယ်။ တိုက်ပွဲကြီးလို့ ဟုတ်မယ်မထင်ဘူး။ ဒီဘက်မှာ သစ်လုပ်နေတာတွေရှိတယ်။ ရင်ဆိုင်မိလို့ခဏလေး ပစ်ကြတာနဲ့ တူတယ်။ ဒါက ခန့်မှန်းရတာနော်” ဟု သူကမဇိ္ဈမကိုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြံပေး ဦးအောင်နိုင်ဦးထံ ဆက်သွက်မေးမြန်းရာ ၎င်းတို့ အနေဖြင့် မသိရှိသေးကြောင်း ဖြေကြားသည်။

ပြီးခဲ့သည့် မေလနှောင်းပိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO တို့တွေ့ဆုံပြီး နိုင်ငံရေးအရ ဆက်ဆွေးနွေးရန်၊ နှစ်ဖက်တပ်များ ပစ်ခတ်မှုလျှော့ချရေး၊ တပ်နေရာချထားမှုများ ညှိနှိုင်းဆောင်ရွက်ရေးတို့အပါအ၀င် အချက်ခုနစ်ချက်သဘောတူညီခဲ့သည်။

No comments: