Friday, September 13, 2013

မထုတ်ယူတဲ့ လျော်ကြေးတွေကို ဒေသ ဖွံဖြိုးရေးအတွက် သုံးမယ်လို့ဆို

ABC

လက်ပံတောင်းဒေသတွင်းက ​မထုတ်ယူကြတဲ့ ​မြေယာလျော်ကြေးတွေကို ​ဒေသဖွံဖြိုးရေး ​လုပ်ငန်းတွေမှာ ​အသုံးပြုသွားမယ်လို့ ​သက်ဆိုင်ရာတာဝန်ရှိသူတွေက ​ကြေညာလိုက်တဲ့အကြောင်း ​လက်ပံတောင်းတောင် ​အရေး ​တက်ကြွလှုပ်ရှားသူတွေ ​ကပြောပါတယ်။

ကြေညာချက်ထဲမှာ ​မြေယာလျော်ကြေးတွေကို ​စက်တင်ဘာလ ​၃၀ ​ရက်အတွင်း ​နောက်ဆုံး ​ထုတ်ယူဖို့နဲ့ ​မထုတ်ယူဘူးဆိုရင် ​လျော်ကြေးတွေကို ​ဒေသ ​ဖွံဖြိုးရေး ​လုပ်ငန်းတွေမှာ ​အသုံးပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ကြေညာချက်ကြောင့် ​ပဋိပက္ခတွေဖြစ်လာနိုင်တယ်လို့ ​လက်ပံတောင်းတောင် ​အရေး ​တက်ကြွလှုပ်ရှားသူ ​ကိုဟန်ဝင်းအောင်က ​ယခုလို ​ပြောပြပါတယ်။

“အဓိက ​ဒေသခံပြည်သူလူထုက ​မကျေလည်ဘူးဗျာ။ ​သူပေးတဲ့ ​ငွေကြေး ​ပမာဏနဲ့ ​မကျေလည်ဘူး။ ​မကျေလည်တဲ့အတွက် ​ကိုယ့်မြေကိုယ်ဆုပ်ကိုင်ထားတာဖြစ်တယ်။ ​အဲဒါကို ​ကျေလည်အောင် ​ညှိနှိုင်းဆွေးနွေးမှုမရှိဘဲနဲ့ ​မြေကို ​တစ်နည်းနည်းနဲ့ ​ဈေးပေါပေါနဲ့ပေါ့ဗျာ။ ​ဒေသခံပြည်သူလူထု ​စိတ်ကျေနပ်မှု ​မရှိဘဲနဲ့ ​ဈေးပေါပေါနဲ့ ​အလိုမတူဘဲ ​ရအောင် ​သိမ်းပိုက်နည်းကို ​တစ်ဆင့်ခြင်း ​တစ်ဆင့်ခြင်း ​ကြိုးစားလာတယ်လို့ဘဲ ​ကျွန်တော်တို့က ​သတ်မှတ်တယ်။”


သိမ်းဆည်းခံထားရတဲ့ ​လယ်မြေ ​ဧက ​၇၆၆၇.၇၄ ​ကျော် ​ထဲက ​၅၆ ​ရာခိုင်နှုန်းလောက်ဟာ ​မြေယာ ​လျော်ကြေးမထုတ်ယူထားတဲ့အတွက် ​စီမံကိန်း ​ပြန်လည်စတင်လာတာနဲ့ ​ဒေသခံတွေအနေနဲ့ ​ကိုယ့်မြေကိုယ် ​စိုက်ပျိုးထွန်ယက်မှုတွေ ​ပြုလုပ်မှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အစီရင်ခံစာထဲမှာ ​ပါဝင်တဲ့ ​သာသနိက ​အဆောက်အဦးတွေကို ​ပြောင်းရွေ့ပေးဖို့ကိစ္စကိုလည်း ​ယခုအချိန်ထိ ​လုပ်ဆောင်မှု ​မရှိသေးဘဲ ​အကြမ်းဖက်ဖြိုခွင့်ဖို့အတွက် ​လုံထိမ်းအင်အား ​တိုးမြှင့်တာတွေ၊ ​လက်ပံတောင်းအရေး ​လှုပ်ရှားနေတဲ့ ​ဖမ်းဝရမ်းထုတ်ခံရသူတွေကို ​ဖမ်းဆီးဖို့အတွက်တော့ ​ပြင်ဆင်မှုတွေတော့ ​ပြုလုပ်နေတယ်လို့ ​လက်ပံတောင်းအရေး ​လှုပ်ရှားသူတွေကပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​စူးရှကနေ ​သတင်းပေးပို့ ​ထားတာဖြစ်ပါတယ်။

No comments: