Friday, September 6, 2013

အမေရိကန်နှင့် မာတင်လူသာကင်း အိပ်မက်

နိုင်မင်းသွင်

သူ့နာမည်က အမေရိကန်စာသင်ကျောင်းတွေ၊ လမ်းတွေ၊ တံတားတွေနှင့် ကြီးကျယ်ခန်းနားသည့် အမှတ်တရ အတ္ထုပတ္တိတွေကို တန်ဆာဆင် ပေးထားသည်။ အမေရိကန် ကလေးငယ်တွေ အများစုကို စကား ပြောတတ်လျှင် ပြောတတ်ချင်း မာတင်လူသာကင်းကို လေးစားဖို့ သင်ကြားပေးကြသည်။ သူပေးခဲ့သည့် သတင်းစကားက ရိုးရှင်းပြီး လူတိုင်းနားလည်နိုင်သည့် အမေရိကန်၏ အခြေခံကတိဖြစ်သည်။ “လူသားအားလုံးကို (ဘုရားသခင်က) တူညီစွာ ဖန်ဆင်းခဲ့သည်” ထို့ပြင် “အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် ပျော်ရွှင်မှုကို ခံစားခွင့်” ရှိသည်ဟု သူ ဆိုခဲ့၏။ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ၀ါရှင်တန်ဒီစီတွင် ၂ သိန်းခွဲကျော်ရှိသော လူထုပရိသတ်ကြီးရှေ့၌ သူအကောင်းဆုံး မှတ်ကျောက်တင်နိုင်ခဲ့သည်။ “ကျနော် အိပ်မက်တခု မက်ပါတယ်၊ တနေ့ကျရင် ကျနော့်ရဲ့ ကလေးငယ် ၄ ယောက်ဟာ သူတို့ရဲ့ အသားအရောင်ကို မကြည့်ဘဲ သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာကိုကြည့်ပြီး ဆုံးဖြတ်တဲ့နိုင်ငံမှာ နေကြရလိမ့်မယ်” ဟု သူက ပြောခဲ့သည်။

အမေရိကန် ပြည်ထောင်စု၏ လူမျိုးရေး တန်းတူညီမျှခွင့် တိုက်ပွဲသည် ရှည်ကြာခဲ့ပြီဖြစ်သော်လည်း အဆုံးမသတ်နိုင်သေးဟု အများက ဆိုကြသည်။ သမ္မတ ဘားရတ် အိုဘားမားက ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သော မာတင်လူသာကင်း၏ “ကျနော် အိပ်မက်တခု မက်ပါတယ်” ဆိုသည့် မိန့်ခွန်း နှစ် ၅၀ ပြည့်သည့် အထိမ်းအမှတ် အခမ်းအနားတွင် လွန်ခဲ့သောရာစုနှစ်ဝက်က နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် ပြောကြားခဲ့သည့် စကားများနှင့် အလားတူစွာ အမှတ်တရပြောကြားခဲ့သည်။

မိုးတဖွဲဖွဲရွာနေသည့် နွေရာသီနေ့တနေ့တွင် ထောင်နှင့် ချီသောပြည်သူများသည် လင်ကွန်း အမှတ်တရ အဆောက်အဦး ရှေ့တွင် ထီးများဆောင်းပြီး လွန်ခဲ့သောနှစ် ၅၀ က အလုပ်အကိုင်နှင့် လွတ်လပ်ခွင့် အတွက်ပြုလုပ်ခဲ့ကြသည့် လူထုချီတက်ပွဲကြီး အထိမ်းအမှတ် အခမ်းအနားသို့ အမေရိကန်နိုင်ငံ၏ ပထမဆုံးသော လူမည်းသမ္မတ လာရောက် မိန့်ခွန်းပြောကြားသည်ကို စောင့်ကြည့်ခဲ့ကြသည်။

“သူတို့ ဆက်လက် ချီတက်ကြတယ်။ အမေရိကန်ဟာ ပြောင်းလဲခဲ့တယ်” ဟု သမ္မတ အိုဘားမားက တက်ရောက်လာသော လူထုကို ပြောသည်။ “သူတို့ချီတက်ခဲ့ကြတယ်။ မြို့တော်ကောင်စီတွေ ပြောင်းသွားတယ်။ ပြည်နယ်ဥပဒေပြုလွှတ်တော်တွေ ပြောင်းသွားတယ်။ ကွန်ဂရက်လွှတ်တော် ပြောင်းသွားတယ်။ နောက်ဆုံး အိမ်ဖြူတော်တောင်မှ ပြောင်းလဲခဲ့ပါတယ်။”


အိုဘားမားက ၅ နာရီနီးပါးမျှ ကြာမြင့်သည့် ချီတက်ပွဲအခမ်းအနားကို အမေရိကန်နိုင်ငံတွင် လူဖြူ-လူမည်း တန်းတူညီမျှခွင့် တိုက်ပွဲ၏ ပုံရိပ်ကို ဖော်ပြသည့် အချိန်ကာလဟု အမွှမ်းတင်လိုက်သည်။ သမ္မတဟောင်း ဘီလ် ကလင်တန်နှင့် ဂျင်မီ ကာတာ၊ အိုပရာဝင်းဖရေးနှင့် မူလ ချီတက်ပွဲကြီးတွင် တဦးတည်း သက်ရှိထင်ရှား ကျန်နေသူ ဂျော်ဂျီယာပြည်နယ်မှ အောက်လွှတ်တော်အမတ် ဂျွန်လူးဝစ်စ်၊ တေးဂီတ ပညာရှင်များ၊ သမဂ္ဂခေါင်းဆောင်များ၊ ရုပ်ရှင် သရုပ်ဆောင်များ နှင့် နိုင်ငံရေးသမားများလည်း ထိုအခန်းအနားသို့ တက်ရောက်ခဲ့ကြသည်။ လူတန်းစား အလွှာ အမျိုးမျိုးမှ တက်ရောက်ခဲ့ကြခြင်း ဖြစ်သော်လည်း မာတင်လူသူကင်းက အမေရိကန်နိုင်ငံ သမိုင်းတွင် အကြီးကျယ်ဆုံး သော လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲကြီးအဖြစ် သတ်မှတ်ခံရမည်ဟု ပြောခဲ့သော လူဦးရေ ၂ သိန်းခွဲကျော် တက်ရောက် သည့် မူလအခန်းအနားထက်တော့ လူနည်းနေခဲ့သည်။

လွန်ခဲ့သော နှစ် ၅၀ ကျော်က အမေရိကန်နိုင်ငံတွင် လူမည်းများကို ကျောင်းများမှအစ လမ်းဘေး သောက်ရေ ရေပန်း အထိ နှိမ်ချခွဲခြားထားပြီး လူဖြူများနှင့်အတူ သုံးခွဲခွင့် မရှိခဲ့ပါ။ အလုပ်အကိုင် အတွက်လည်း အောက်ခြေအဆင့် နိမ့်ကျသည့် နေရာများတွင်သာ ပေးခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် လူမည်းအမျိုးသမီးတို့၏ ၆၀ရာခိုင်နှုန်းသည် အစေခံများ အဖြစ် အသက်မွေးခဲ့ကြရ၏။ ယခုအချိန်တွင် အာဖရိကနွယ်ဖွား အမေရိကန်များသည် အခြားသော လူမျိုးစုများထက် မဲပေးရန် အခွင့်အလမ်းများ ပိုမိုရရှိနေသည်။

ယခုတော့ အခြေအနေတွေ ပြောင်းလဲခဲ့ပြီ။ မက်ဆာချုးဆက်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးသည် လူမည်းဖြစ်သည်။ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတွင် အိုဘားမားသည် ၂၀၀၄ ခုနှစ်က ဂျွန်ကယ်ရီရခဲ့သည်ထက် လူဖြူမဲတွေ ပိုရခဲ့သည်။ မာတင်လူသာကင်းတို့ ခေတ်အခါက ပြည်နယ်အများအပြားတွင် လူမျိုးကွဲနှင့် လက်ထပ်မှုက တရားမ၀င်ပါ။ ယနေ့ အချိန်တွင် လက်ထပ်မှု အသစ်တို့၏ ၁၅ ရာခိုင်နှုန်းသည် လူမျိုးကွဲနှင့် လက်ထပ်ခြင်းဖြစ်သည်။ လူမည်း အမျိုးသားတို့၏ ၂၄ ရာခိုင်နှုန်းသည် လူမျိုးကွဲများနှင့် လက်ထပ်ခဲ့ကြသည်။ ယနေ့အချိန်တွင် အမေရိကန်၏ မြို့ကြီး ၈၅ ခုလုံးတွင် ခွဲခြားနေထိုင်ရေးကို ငြင်းပယ်ခဲ့ပြီး ဖြစ်သည်။ ယနေ့အချိန်တွင် ဝါရှင်တန် ဒီစီ၊ ဖေလာဒါးဖီးယား၊ ဒန်းဗား တို့ကဲ့သို့ မြို့ကြီးများ၊ Merck ၊ Xerox နှင့် American Express တို့လို စီးပွားရေးကုမ္ပဏီကြီးများ လူမည်းတို့ ဦးဆောင်နေသည်။ ငွေရောင် ပိတ်ကားပေါ်တွင် ဘုရားသခင်အဖြစ် သရုပ်ဆောင်နေသော လူမည်း ရုပ်ရှင်မင်းသား Morgan Freeman ကို မြင်လျှင် မည်သူကမျှ အထူးအဆန်း အဖြစ် မမြင်ကြတော့။

ယနေ့အချိန်တွင် အသားရောင်ခွဲခြား ပြောဆိုခြင်းသည် အလုပ်အကိုင် ဆုံးရှုံးစေနိုင်သည့် အမှားဖြစ်သည်။ ခွဲခြားမှုပြုသော လုပ်ငန်းများကို တရားရုံးများကရော စားသုံးသူများကပါ ဒဏ်ခတ်ကြသည်။ လူမည်း စာသင်ကျောင်းများ မအောင်မြင်ရခြင်းမှာ လူမျိုး ခွဲခြားရေး ၀ါဒီတွေ၏ လျှို့ဝှက်ကြံစည်မှုကြောင့် မဟုတ်ပါ။ လူမည်းမြို့တော်ဝန်များ၊ လူမည်း ရှေ့နေချုပ်များက လူအများကို မေးခွန်းထုတ်နေနိုင်ပြီဖြစ်သည်။ လူငယ်များက လူကြီးများထက် တယူသန် စိတ်ပိုနည်းသဖြင့် လူမျိုးရေးခွဲခြားမှုဝါဒက လျော့ပါးလာနေပြီဟု စစ်တမ်းများက ဖော်ပြကြ၏။ လူမျိုးကွဲပြားမှုသည် အတားအဆီး တခုမဟုတ်တော့ပေ။ ဥပမာပြရလျှင် ဘွဲ့ရပြီးသော လူမည်း အမျိုးသမီးတယောက်နှင့် လူဖြူအမျိုးသမီး တယောက်၏ ပျမ်းမျှလစာသည် အတူတူပင်ဖြစ်သည်။

အမေရိကန်တို့၏ ရှက်စရာအတိတ်သည် မှုန်ဝါးသွားခဲ့ပြီဖြစ်သည်။ အရေပြားအရောင်သည် တချိန်တုန်းကလို အတားအဆီး မဟုတ်တော့ပါ။ သို့သော်လည်း မာတင်လူသာကင်း ရည်ညွှန်းခဲ့သော “ပျော်ရွှင်မှုကို ခံစားနိုင်ရေး” ကတော့ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါ။ ဘယ်တော့မှ အဆုံးသတ်နိုင်မည်လည်း မဟုတ်ပါ။ သမ္မတ အိုဘားမားက သူ၏ မိန့်ခွန်း တွင် မိန်းမလျာတို့၏ တန်းတူညီမျှခွင့်၊ အမျိုးသမီး အခွင့်အရေး၊ ပြည်ဝင်ခွင့်ပြုပြင်ပြောင်းလဲရေး စသည်တို့ကို လွှမ်းခြုံ ပြောကြားသွားသော်လည်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သော ဆင်းရဲမွဲတေမှုကို ပို၍ အလေးပေး ပြောကြားသွားသည်။ ပြီးခဲ့သော ရာစုနှစ်ဝက် အတွင်းတွင် လူမည်း အလုပ်လက်မဲ့ အရေအတွက်သည် အလုပ်အကိုင်ရှိသူ လူဖြူ အရေအတွက်၏ နှစ်ဆ ဖြစ်နေပြီး အလုပ်အကိုင်မရှိသူ လက်တင်အမေရိကနွယ်ဖွားများက အရေအတွက်က နောက်နားတွင် ကပ်နေသည်ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။ “လူမျိုး မတူသူတွေကြားထဲမှာ ဆင်းရဲချမ်းသာ ကွာဟမှုက လျော့မသွား ပါဘူး၊ တိုးလာနေပါတယ်” ဟု သူကဆိုသည်။

သို့သော် သမိုင်းတန်ဖိုးမြင့်မားသည့် အခန်းအနားတွင် အမေရိကန်နိုင်ငံ၏ ပထမဆုံးသော လူမည်းသမ္မတဖြစ်သော အိုဘားမားက ရာစုနှစ်ဝက်ကျော်လောက်က “အသားအရောင်ကို မကြည့်ဘဲ သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာကိုကြည့်ပြီး ဆုံးဖြတ်တဲ့” နိုင်ငံ ဖြစ်ရမည်ဟု မှန်းမျှော်ပြောဆိုခဲ့သော နိုင်ငံသားအခွင့်အရေး ခေါင်းဆောင် မာတင်လူသာကင်းကို ဂုဏ်ပြုချီးကျူးခဲ့သည်။

၁၉၆၃ ခုနှစ်က မာတင်လူသာကင်းသည်လည်း သမ္မတအိုဘားမားကဲ့သို့ပင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ က ကျေးကျွန်တို့ကို လွတ်လပ်ခွင့် ပေးအပ်သည့် “လွတ်မြောက်ရေး ပြန်တမ်း” ကို ထုတ်ပြန်ခဲ့သော သမ္မတ အေဘရာဟမ် လင်ကွန်း၏ အထိမ်းအမှတ် ကျောက်ရုပ်၏ အရိပ်အောက်တွင် လူထုကြီးကို မိန့်ခွန်းပြောခဲ့သည်။ ၁၉၆၃ ခုနှစ် ၀ါရှင်တန် လူထုချီတက်ပွဲကြီးတွင် သိန်းချီသော လူထုကြီးအား ပြောကြားခဲ့သည့် မိန့်ခွန်းကို ရုပ်မြင်သံကြားဌာနများက တိုတ်ရိုတ် ထုတ်လွှင့်ပြသခဲ့ကြပြီး နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုကို သန်းပေါင်းများစွာသော အမေရိကန်နိုင်ငံသားတို့၏ ဧည့်ခန်းဆောင်ဆီသို့ ပို့ဆောင်ပေးခဲ့ကာ အခွင့်အရေး တန်းတူညီမျှမှု တိုက်ပွဲကို ရပ်တန့်၍ မရနိုင်သော အရှိန်အဟုန်တခု အဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။ ၂ နှစ် အတွင်း အမေရိကန် အောက်လွှတ်တော်က နိုင်ငံသား အခွင့်အရေး ဥပဒေနှင့် ဆန္ဒမဲ ပေးပိုင်ခွင့် ဥပဒေ တို့ကို ပြဌာန်းပေးခဲ့သည်။ သို့သော် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တဦးလည်း ဖြစ်သော ဒေါက်တာ မာတင်လူသာကင်းသည် ၁၉၆၈ ခုနှစ် တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

၁၉၆၃ ခုနှစ်က ချီတက်ခဲ့သူများသည် အဓိကရုဏ်း ဖြစ်လာလိမ့်မည်ဟု သတိပေးမှုများ ရှိနေသည့် ကြားထဲမှ ရောက် အောင်လာခဲ့ကြသည်။ လူမျိုးရေးခွဲခြားမှု ပြင်းထန်သည့် တောင်ပိုင်းပြည်နယ်မှ လူထောင်ပေါင်းများစွာသည် ရထားများ၊ ဘတ်စ်ကားများဖြင့် အရောက်လာခဲ့ကြသည့် အတွက် မြို့တော်ကို လုံခြုံရေး တင်းကြပ်ခဲ့ရ၏။ လူပေါင်း ၂ သိန်းခွဲ ရောက်ရှိခဲ့ကြသော ထိုနေ့သည် ပူအိုက်လွန်းလှပြီး မြင်ကွင်းကောင်းကောင်းရဖို့ အတွက် အချို့တွေက သစ်ပင်များပေါ် သို့ တက်နေခဲ့ကြသလို အချို့ကလည်း အပူသက်သာစေရန် ရေကန်ထဲသို့ ဆင်းပြီး မတ်တပ်ရပ်နေခဲ့ရသည်။

ယမန်နေ့က ကျင်းပခဲ့သည့် အခန်းအနားတွင် သမ္မတ အိုဘားမားက မာတင်လူသာကင်းသည် သူ၏ သူရဲကောင်း ဖြစ် ကြောင်း အကြိမ်ကြိမ်ပြောခဲ့ပြီး ၁၉၆၃ ခုနှစ် ချီတက်ပွဲတွင် ပုံစံချခဲ့သည့် အစီအစဉ်ကို အိမ်ဖြူတော် ဘဲဥပုံရုံးခန်း အတွင်း ဆက်လက်ထိန်းသိမ်းနေသည်ဟုလည်း သူက ဆိုသည်။ မိန့်ခွန်းမပြောကြားခင်တွင် အိမ်ဖြူတော်က အိုဘားမားနှင့် မာတင်လူသာကင်းတို့ကို နှိုင်းယှဉ်ခြင်းများအား လျှော့ချရန် ကြိုးစားခဲ့သေးသည်။ သမ္မတ အိုဘားမားကလည်း မိန့်ခွန်း မပြောကြားခင် အချိန်တွင် “လွန်ခဲ့တဲ့ နှစ် ၅၀ က ပြောခဲ့တဲ့ မိန့်ခွန်းလောက် ကောင်းမှာ မဟုတ်ပါဘူး” ဟု ကြိုတင် မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း အများက မျှော်လင့်စောင့်စားနေသည့် မိန့်ခွန်းကို ပြောသည့် အချိန်မှာတော့ အိုဘားမားသည် မာတင်လူသာကင်း၏ မိန့်ခွန်း၏ ဟန်နှင့် အာရုံဝင်စားမှုကို ဖမ်းမိနိုင်ဖို့ ကြိုးစားခဲ့သည်။

လွန်ခဲ့သော ရာစုနှစ်ဝက်က မာတင်လူသာကင်းလို အသံကို အရှိန်မှန်မှန်နှင့် တင်သွားပြီး အဆုံးသတ်ခဲ့သည်။ သာမန်လူများက မိမိတို့ဘ၀ကို တိုးတက်လာဖို့ ကြိုးစားခြင်းသည် နိုင်ငံသား အခွင့်အရေး လှုပ်ရှားသူတို့၏ နောက်သို့ ခြေရာထပ်လိုက်ခြင်း ဖြစ်ကြောင်း ပြောရင်း “ချီတက်ခြင်း” ဆိုသည့်စကားလုံးကို အကြိမ်ကြိမ်ထည့်သွင်း ပြောသွားသည်။ “ဒါဟာ ကျနော်တို့ အတိတ်ရဲ့သင်ခန်းစာဖြစ်ပါတယ်။ ဒါဟာ မနက်ဖြန်ရဲ့ ကတိကဝတ်လည်း ဖြစ်ပါတယ်” ဟု သမ္မတ အိုဘားမား က နိဂုံးချုပ်ခဲ့သည်။

No comments: