Friday, September 6, 2013

ရခိုင်ပြည် ဆန္ဒပြခေါင်းဆောင် ၄ဦး ထောင် ၃လ ချမှတ်ခံရ

ABC

ရခိုင်ပြည်နယ်မှာ ​ဘင်္ဂါလီလူမျိုးတွေကို ​နိုင်ငံသား ​ဟုတ်မဟုတ် ​သေချာစီစစ်တာမရှိပဲ ​အတည်တကျအိမ်ယာ ​ဆောက်လုပ်ပေးမှုကို ​ကန့်ကွက်ဆန္ဒပြပြီး ​အဖမ်းခံရတဲ့ ​ခေါင်းဆောင် ​၄ဦးကို ​မနေ့က ​ထောင်ဒဏ် ​၃လ ​ချမှတ်လိုက်တယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​မတ်လ ​(၇)ရက်နေ့က ​ဘင်္ဂါလီလူမျိုးတွေကို ​နိုင်ငံသား ​ဟုတ်မဟုတ် ​သေချာစီစစ်တာမရှိပဲ ​အတည်တကျအိမ်ယာ ​ဆောက်လုပ်ပေးမှုအပေါ် ​ကန့်ကွက်တဲ့အနေနဲ့ ​စစ်တွေ၊ ​ကျောက်တော်၊ ​ရသေ့တောင်၊ ​မြောက်ဦး၊ ​တောင်ကုတ်မြို့တွေမှာ ​ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပြီး ​နိုင်ငံသားဥပဒေအတိုင်း ​နိုင်ငံသားစီစစ်ပေးဖို့၊ ​ဒေသခံတွေရဲ့ဆန္ဒမပါပဲ ​မဆုံးဖြတ်ဖို့တောင်းဆိုခဲ့ကြတဲ့ ​ဆန္ဒပြသူတွေရဲ့ ​ခေါင်းဆောင်တွေထဲက ​၄ဦးကို ​အာဏာပိုင်တွေက ​အရေးယူခဲ့တာဖြစ်ပါတယ်။

ခွင့်ပြုချက်မရပဲဆန္ဒပြခဲ့တဲ့အတွက် ​ဆန္ဒပြခေါင်းဆောင် ​၁၁ဦးကို ​စီတန်း ​လှည့်လှည်ခြင်း ​ဆိုင်ရာ ​ဥပဒေပုဒ်မ ​၁၈ ​အရ ​တရားစွဲဆိုထားတာဖြစ်ပြီး ​မနေ့က ​ကျောက်တော်မြို့ ​တရားရုံးက ​တရားစွဲခံထားရတဲ့ ​ဆန္ဒပြခေါင်းဆောင် ​၁၁ထဲက ​၄ဦးဖြစ်တဲ့ ​ဦးသိန်းလှိုင်၊ ​ဦးမောင်ဝင်း၊ ​ဒေါ်လှလှမေ၊ ​ဒေါ်တင်တင်အေးတို့ ​ထောင်ဒဏ်အမိန့် ​ချမှတ်ခဲ့တာဖြစ်တယ်လို့ ​ဆိုပါတယ်။ ​သူတို့တွေဟာ ​ကျောက်တော်မြို့ကဖြစ်ပြီး ​သူတို့ကို ​ကျောက်တော်ရဲစခန်းကနေ ​စစ်တွေအကျဉ်းထောင်ကို ​ပို့လိုက်ပြီလို့လည်း ​သိရပါတယ်။

ကျန်ရှိနေသေးတဲ့တရားစွဲခံထားရတဲ့သူတွေကတော့ ​စစ်တွေမြို့က ​ဦးကျော်ဇောဦး၊ ​ဒေါ်ညိုအေး၊ ​တောင်ကုတ်မြို့က ​ဦးမင်းထွန်း၊ ​ဦးစိုး ​၀င်း၊ ​ဦးသန်းလွင်စိုး၊ ​ရသေ့တောင်က ​ဦးသန်းဌေး၊ ​ကိုတိုးတိုးတို့ဖြစ်တယ်လို့ ​ဆိုပါတယ်။

ငြိမ်းချမ်းစွာ ​စီတန်းလှည့်လှည် ​ခြင်းဆိုင်ရာ ​ဥပဒေပုဒ်မ၁၈နဲ့ ​လွတ်လပ်စွာ ​ဆန္ဒဖော်ထုတ်သူတွေကို ​ဖမ်းဆီး ​အရေးယူ ​ထောင်ချတာတွေရှိနေတဲ့အတွက် ​ဒီဥပဒေပုဒ်မ ​၁၈ကို ​ပယ်ဖျက်ပေးဖို့ ​သြဂုတ်လ ​၂၇ရက်နေ့က ​ရန်ကုန်မြို့မှာ ​ဆန္ဒပြတောင်းဆိုမှု ​တွေပြုလုပ်ခဲ့ပြီး ​အဲဒီထဲက ​ဆန္ဒပြခေါင်းဆောင်တွေကို ​ပုဒ်မ ​၁၈နဲ့ပဲ ​ပြန်လည် ​တရားစွဲထားတယ် ​ဆိုတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားတာ ​ဖြစ်ပါတယ်။

No comments: