Thursday, September 12, 2013

အချောထည်မပို့နိုင်သေး၍ ၂၀၁၄ နောက်ပိုင်းသစ်လုပ်ငန်း ၀င်ငွေလျော့ကျနိုင်

သီဟကိုကို | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၃

၂၀၁၄ တွင် သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းရမည်ဖြစ်ရာ သစ်အချောထည်များစွာတင်ပို့နိုင်ခြင်း မရှိသေးသည့် ကာလများတွင် သစ်လုပ်ငန်းကဏ္ဍ၀င်ငွေလျော့နည်းသွားနိုင်ကြောင်း သစ်လုပ်ငန်းရှင်များက ပြောသည်။

၂၀၁၄ ဧပြီ ၁ ရက်မှစတင်ကာ မြန်မာနိုင်ငံ၏ သစ်ကုန်သွယ်ရေးတွင် အဓိကတင်ပို့မှုဖြစ်သည့် သစ်အလုံးလိုက် တင်ပို့မှုအား ရပ်ဆိုင်းမည်ဖြစ်၍ သစ်အချောထည် ဈေးကွက်သို့ မသွားနိုင်သေးသော မြန်မာ့သစ် ဈေးကွက်သည် ခွဲသားတင်ပို့မှုကိုသာ အားထားရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ထို့အပြင် သစ်အလုံးလိုက်တင်ပို့ခြင်းထက် သစ်ခွဲသားများတင်ပို့မှုခြင်းက သွင်းကုန်အခွန်မြင့်မားသည့်အတွက် သစ်လုံးတင်ပို့သည့်နိုင်ငံများကို သစ်ခွဲသားပို့ရန်မှာ မလွယ်ကူသဖြင့် ဈေးကွက်အေးကောင်း အေးသွားနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံက တရုတ်၊ အိန်္ဒိယနှင့် ထိုင်း နိုင်ငံများသို့ သစ်လုံးများ တင်ပို့နေသည်။ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်း၊ အတွင်းရေးမှူး ဦးဘာဘာချိုက “အိနိ္ဒယဆိုရင် သစ်ခွဲသားက သစ်အလုံးထက် သွင်းကုန် အခွန်(Import duty) မြင့်တယ်။ (ပြည်တွင်းဈေးကွက်) Domestic Market ကို မြင့်စေချင်တဲ့အတွက် ခွဲသားသွင်းတာကို မြင့်ထားတယ်။ ဒီလို Import Duty များတဲ့အတွက် သစ်အလုံးလိုက် တင်သွင်းခဲ့တဲ့နိုင်ငံတွေက ဘက်ကို ပို့နိုင်၊ မပို့နိုင်ဆိုတာမှန်းရခက်တယ်”ဟု ပြောသည်။

ယင်းသို့အခြေအနေများကြောင့် အစပိုင်းကာလများတွင် သစ်တင်ပို့နိုင်မှု လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းကြခြင်းဖြစ်သည်။

သို့သော်လည်း ကမ္ဘာတွင် အရည်သွေးမြင့်ကျွန်းသစ် အများဆုံးရနိုင်သည်က မြန်မာနိုင်ငံသာ ရှိနေ၍ မြန်မာဘက် က အားသာချက်များရှိနေသည်ဟု လုပ်ငန်းရှင် အချို့ကဆိုသည်။ မြန်မာ့ကျွန်းသစ်သည် ကမ္ဘာ့ကျွန်းဈေးကွက်၏ ၇၅ ရာခိုင်နူန်းကို လွှမ်းမိုးထားသည်။

လက်ရှိအချိန်တွင် သစ်ခွဲသားတင်ပို့မှုကို အီးယူဈေးကွက်အား အဓိကထားတင်ပို့နိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ အီးယူနိုင်ငံများသည် သစ်အလုံးလိုက်တင်ပို့မှုအား လက်မခံဘဲ သစ်ခွဲသားနှင့် အချောထည် သစ်များသာ လက်ခံကြောင်း သစ်လုပ်ငန်းရှင်များက ဆိုသည်။

ဦးဘာဘာချိုက ပြည်တွင်းဈေးကွက်အတွင်းတွင် သစ်အလုံးလိုက်များရှိလာမည်ဖြစ်သည့်အတွက် ရေရှည်အတွက်ကောင်းမွန်ပါကြောင်း၊ လက်ရှိအချိန်သည် သစ်လုပ်ငန်းကဏ္ဍကို စိန်ခေါ်မှုများနေသည့်အတွက် သစ်လုပ်ငန်းရှင်တွေများက အခြေအနေအားလုံးကို စောင့်ကြည့်နေကြကြောင်း ပြောသည်။

ပြည်တွင်းတွင် သစ်အလုံးလိုက်များရှိလာမည်ဖြစ်ပြီး သစ်အချောထည်ဈေးကွက် အကောင်အထည် ဖော်နိုင်သည့် အချိန်တွင် အဆင်ပြေနိုင်သော်လည်း လက်ရှိအချိန်တွင် သစ်ခွဲသားဈေးကွက်အတွက် ဥရောပဈေးကွက် တစ်ခုသာ သေချာလျက်ရှိကြောင်း ဆိုသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာကတည်းက သစ်အချောထည်ထုတ်လုပ်နိုင်ခြင်းမရှိသေးသည့်အတွက် လက်ရှိ အချိန်တွင် သစ်အချောထည်လုပ်ကိုင်ရန်နှင့် ဈေးကွက်ဖော်ထုတ်ရန် ချက်ချင်းဆောင်ရွက် မရနိုင်ကြောင်း၊ သစ် အချောထည်ဈေးကွက်ဖြစ်လာရန်မှာ အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သစ်လုပ်ငန်း ရှင်များက ဆိုသည်။

သစ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအေးလွင်က “ မြန်မာနိုင်ငံက သစ်အချောထည်ဈေးကွက်နဲ့ နှစ်ပေါင်း ၂၀လောက် အဆက်ပြတ်နေတယ်။ သစ်အချောထည်ထုတ်ဖို့ စက်တွေ၊ နည်းပညာတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ လျှပ်စစ်မီးအပြည့်မရရှိတဲ့ပြဿနာတွေ အများကြီးရှိတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ သစ်တင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းသည် အကြမ်းထည်တင်ပို့ခြင်းဖြစ်ပြီး ၁၀ ရာခိုင်နှုန်းသာ အချောထည် အဖြစ် တင်ပို့မှုရှိသည်။ အချောထည်တင်ပို့ခြင်းဖြင့် အကျိုးအမြတ်များမည်ဖြစ်သော်လည်း လက်ရှိတွင် ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် အရင်းအနှီးနှင့် နည်းပညာအခက်အခဲဖြစ်နေသည့် အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ က ငွေကြေးနှင့် နည်းပညာများဖြင့် ၀င်ရောက်လာပါက ယှဉ်ပြိုင်နိုင်ရန် ခက်ခဲသောကြောင့်လည်း ရင်းနှီးမြှုပ်နှံ ရန် စောင့်ကြည့်သည့်အနေအထားလည်းရှိနေကြောင်း သစ်လုပ်ငန်းရှင်များက ဆိုသည်။

ဦးဘာဘာချိုက “သစ်အချောထည်တွေက Buyer ရှိရမယ်။ ဈေးကွက်တိုးနိုင်ဖို့အတွက် ဒီဇိုင်းတွေ၊ နည်းပညာတွေက အများကြီးနောက်ကျနေတယ်။ အရင်းအနှီးက ကြီးတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေက FDI တွေ ၀င်လာမယ့် အခြေအနေတွေကလည်းရှိတော့ ရင်းနှီးမြှုပ်နှံဖို့ကို စောင့်ကြည့်နေရတဲ့ သဘောရှိ တယ်”ဟုပြောသည်။

တိုင်းရင်းသားလုပ်ငန်းရှင်များသော်လည်းကောင်း၊ပြည်ပရင်းနှီးမြှုပ်နှံသူများသော်လည်းကောင်း ၀င်ရောက် လုပ်ကိုင်ပြီး ဈေးကွက်လည်းရလာသည့်အချိန်မှ သစ်အချောထည်လုပ်ငန်းများ တိုးတက်လာကာ သစ်လုပ်ငန်း ကဏ္ဍ၀င်ငွေ ပြန်လည်များပြား လာနိုင်ကြောင်း ဆိုသည်။

သစ်ထုတ်လုပ်မှုကို ယခင်နှစ်တွင် ကျွန်းသစ်တန်ချိန် နှစ်သိန်းကျော်၊ သစ်မာတန်ချိန် တစ်သန်းကျော် ထုတ်လုပ်နိုင် ခဲ့ပြီး ယခုနှစ်အတွက် ကျွန်းသစ်တန်ချိန် ၁၈၀,၀၀၀ ကျော်၊ သစ်မာတန်ချိန် ၇၈၀,၀၀၀ ကျော် ထုတ်လုပ်ရန် လျာထားကြောင်း ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် သစ်တင်ပို့သည့် ကုမ္ပဏီ ၅၀ ခန့်မှ ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်တွင် သန်း ၅၀ကျော်ဖိုး တင်ပို့နိုင်ခဲ့သည်ဟု ဦးဘာဘာချိုက ပြောသည်။

၂၀၁၃-၂၀၁၄ ခုနှစ်အတွက် ပုဂ္ဂလိကသစ်ကဏ္ဍမှ ကန်ဒေါ်လာသန်း ၁၀၀ ကျော်တင်ပို့နိုင်ရန် သစ်လုပ်ငန်းရှင်များ က ခန့်မှန်းထားသည်။ ၂၀၁၄-၂၀၁၅ တွင်မူ အလုံးလိုက်ပို့ခွင့်မရသဖြင့် ယင်းဝင်ငွေအောက် ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြသည်။

No comments: