Thursday, September 12, 2013

TNLA တိုက်ခိုက်မှုကြောင့် အစိုးရ တပ်ဖွဲ့ အထိနာ

တအာင်းသားလေး

ကွတ်ခိုင်မြို့နယ် နမ်းဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ နမ့်ဟွန်းချောင်း အနီးသို့ ထိုးစစ်ဆင် လာသော အစိုး ရ ခလရ (၄၅) တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့ကို တအာင်း အမျိုးသား လွတ်မြောက်ရေး TNLA တပ်ရင်း (၁၁၂) မှ စောင့်ပစ်ရာ ယနေ့ နေ့လည် ၂ နာရီခန့်မှ ၃ နာရီခွဲ အထိ ပြင်းထန်စွာ အနီးကပ် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။

“ ဒီလိုပါ၊ ဒီတပ်က မနေ့ ကတည်းက ကျနော်တို့ တပ်ဖွဲ့ နောက်ကို လိုက်နေတာ။ ဒီတော့ သူတို့ ချောင်းကူးလာတယ် ။ ချောင်းတဘက် ကမ်းမှာလည်း ကျနော်တို့ မိုင်းထောင် ထားတယ်။ ရှေ့ဆုံးပွိုင့်က မိုင်းထိတာနဲ့ ကျန်တဲ့ တပ်ဖွဲ့ တချို့က ချောင်းထဲမှာလေ ၊ ဒီတော့ အပြင်းအထန်ကို ကျနော်တို့ တိုက်လိုက် ပါတယ်” ဟုဆိုပါသည်။

ကျနော်တို့ ကလည်း နမ့်ဟွန်း ချောင်းတဖက် ကမ်းကို ကူးပြီး စောင့်ပစ်တယ်။ ဗုံးလည်း ထပ်ထောင် ထားတယ်။ အဲဒီတော့ သူတို့က ချောင်းလည်း ကူးရော စပစ်တာပေါ့။ ဒီတော့ ချောင်းထဲမှာ အတုန်းအရုံး ထိတာပါဘဲ။ ပြီးတော့ ကျနော်တို့ ကမ်းစပ် ဖက်မှာလည်း မိုင်းထောင် ထားတော့ ကမ်းအတက်မှာပါ မိုင်းတွေ ထပ်ထိသွားတယ်” ဟု ဆိုပါသည်။

ဤတိုက်ပွဲတွင် အစိုးရဖက်မှ အနည်းဆုံး (၁၀) ဦး ထက်မနဲ ကျပြီး (၂၀)ကျော် ပြင်းထန်စွာ ဒါဏ်ရာ ရခဲ့သည်ဟု TNLA က ဆိုပါသည်။ အင်အား (၁၀၀) ခန့်ရှိသည့် အစိုးရ တပ်များသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရန် လှုပ်ရှားနေသော TNLA တပ်ရင်း (၁၁၂) နောက်ကို စစ်ဆင် နေသည့် အတွက် တိုက်ခိုက် လိုက်ခြင်း ဖြစ်ကြောင်း တပ်ရင်း (၁၁၂)မှူး ဗိုလ်ကြီး တာခွန်ဆာက ဆိုပါသည်။ 


TNLA တပ်ရင်း ၁၁၂ သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်အရ မူးယစ်ဆေးဝါး ရောင်းဝယ် နေသည့် လော့ခူန် ပြည်သူ့စစ်တပ်ဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ဝင်ရောက် စီးနင်း ခဲ့ပါသည်။ ပြည်သူ့စစ် ဆက်မလုပ်ရန်လည်း ပြင်းထန်စွာသတိပေးပြီး လက်နက်များ ဖြုတ်သိမ်း ခဲ့ပါသည်။

ထိုကဲ့သို့ လက်နက် ဖြုတ်သိမ်း ခဲ့သည်ကို မကျေနပ် သဖြင့် ခလရ ၄၅ နှင့် ပန်ဆေး ပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းက အပြင်းအထန် ထိုးစစ်ဆင် ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် တိုက်ပွဲကြောင့် ထိခိုက် ဒါဏ်ရာ ရရှိသူများ သဖြင့် လူနာများ သယ်ဆောင်ရန် ထိုနေရာတွင် နေရာ ယူထား ရဆဲ ဖြစ်ပါသည်။

ဤအခြေ အနေကြောင့် နောက်ထပ် တိုက်ပွဲများ ဖြစ်ပွား လာစရာ ရှိနေသဖြင့် TNLA နှင့် အစိုးရတို့၏ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ အလားအလာမှာ မသေချာ သေးကြောင်း အထွေအထွေ အတွင်းရေးမှူး တာဘုန်းကျော်က ဆိုပါသည်။

TNLA သည် အပစ်အခတ် ရပ်စဲရန် ပြီးခဲ့သည့် ဇူလိုင်လ အကုန်ပိုင်းတွင် ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ သြဂုတ် လဆန်းတွင် ထပ်မံ တွေ့ဆုံရန် မူလက စီစဉ် ထားသော်လည်း အစိုးရမှ ယုံကြည်မှု မတည်ဆောက် နိုင်သဖြင့် ယနေ့ တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း TNLA က ဆိုပါသည်။

No comments: