Friday, September 27, 2013

EITI အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာပါဝင်နိုင်ရန် ဒီဇင်ဘာလတွင် လျှောက်ထားမည်

ဖိုးစိုးသူ

တွင်းထွက်သယံဇာတတူးဖော်ရေး ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (EITI) အဖွဲ့ဝင်နိုင်ငံ အဖြစ်မြန်မာနိုင်ငံကပါဝင်နိုင်ရန် ဒီဇင်ဘာလတွင် အဖွဲ့ဝင်လောင်းအဖြစ် လျှောက်ထားမည် ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ဆိုသည်။

“ဒီလုပ်ငန်းတွေမှာ အစိုးရက အခွန်အခဘယ်လောက်ရလဲဆိုတာကို သိနိုင်ဖို့ရယ်၊ ကုမ္ပဏီတွေက အကျိုးအမြတ် ဘယ်လောက်ရလဲ ဒေသတွင်းမှာ ဘယ်လောက်ဖွံ့ဖြိုးမှုရှိ နိုင်မလဲဆိုတဲ့ ပွင့်လင်းမြင်သာမှုတွေ ရှိဖို့အတွက် အစိုးရကတာဝန်ရှိသူတွေ နိုင်ငံတကာ ပညာရှင်တွေနဲ့ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေကို စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်နေတဲ့ ဒေသအဖွဲ့စည်းတွေကို ဖိတ်ကြားပြီး အလုပ်အမှုဆောင် အဖွဲ့တွေ ဖွဲ့စည်းသွားမယ်”ဟု ပျိုးပင်အဖွဲ့မှ အကြီးတန်း အကြံပေး ဆလိုင်းကျုံးလျံထောင်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နိုင်ရန်အတွက် EITI လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း အပါအ၀င် မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ တွင်းထွက် သယံဇာတ တူးဖော်ရေးလုပ်ငန်းများကို လေ့လာစောင့်ကြည့်ကာ စာရင်းပြုစုသည့် အရပ်ဘက်အဖွဲ့စည်းများ၊နိုင်ငံတကာပညာရှင်များ အောက်တိုဘာလ ၁ရက်၊ ၂ ရက်၊ ၃ ရက်နေ့များတွင် ရန်ကုန်မြို့က စထရင်းဟိုတယ်၌တွေ့ဆုံရန်ရှိသည်။

““EITI အဖွဲ့ဝင်နိုင်ငံဖြစ်သွားပြီဆိုရင် စီမံကိန်းတစ်ခုမှာ အစိုးရကအခွန်အခ ဘယ်လောက်ရမယ်။ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကုမ်္ပဏီက ဘယ်လောက်ရမယ်ဆိုတဲ့ ဘတ်ဂျက်စာရင်းဇယားတွေကို လေ့လာစောင့်ကြည့် ထိန်းသိမ်း တဲ့ အဖွဲ့အစည်းတွေ ပေါ်လာမှာဖြစ်တယ်”ဟု ပျိုးပင်အဖွဲ့မှ ဆလိုင်းကျုံးလျံထောင်းက ဆက်လက်ရှင်းပြသည်။

သယံဇာတတူးဖော်ရေးလုပ်ငန်းများကို လေ့လာစောင့်ကြည့်နေသော အရပ်ဘက် အဖွဲ့စည်းများမှ ကိုယ်စားလှယ် များကို ရွေးချယ်သင်တန်းပေးပြီး အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းရမည်ဖြစ်သည်။ ထို့နောက် ဒီဇင်ဘာလတွင် EITI ရုံးချုပ်ရှိရာ နော်ဝေးနိုင်ငံသို့ အဖွဲ့ဝင်အဖြစ်လျောက်ထားပြီး ၁၈ လ အကြာတွင် အစီရင်ခံစာတင်ပြရမည်ဖြစ်သည်။

ထိုအစီရင်ခံစာကို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ အလုပ်အမှုဆောင် အဖွဲ့အစည်းများမှ တစ်နိုင်ငံလုံး အနေ အထားဖြင့် အစီရင်စာခံစာကို ရေးသားတင်ပြရမည်ဖြစ်ပြီး EITI မှ ပညာရှင်များ၏ ဆုံးဖြတ်ချက်ဖြင့် အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်ခံသင့်/မသင့်ကို တုံ့ပြန်မည်ဖြစ်သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံက EITI နဲ့ ပတ်သက်တဲ့ အချက်လက်တွေသိကြတာ အားနည်းတယ်။ အဲဒါကြောင့် တိုင်းနဲ့ပြည်နယ် အလိုက်က လူတွေကို ဘာတွေ လိုအပ်ချက်တွေရှိနေလဲ၊ အားနည်းချက်တွေ ရှိနေလဲဆိုတာကိုတွေ့ဆုံပွဲနေ့မှာ သေချာဆွေး နွေးသွားမယ်” ဟု ဆလိုင်းကျုံးလျံထောင်းကဆိုသည်။

မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါလျှင် အစိုးရကတည်ဆောက်မည့် စီမံကိန်းများသည် ဒေသခံပြည်သူ များအား ထိခိုက်နစ်နာမှုရှိမည်ဆိုပါက အရပ်ဘက်အဖွဲ့အစည်းများမှ လေ့လာမှုများပြုလုပ်ပြီး ဒေသခံတို့၏တောင်းဆိုမှုများကို တင်ပြကာ စီမံကိန်းတည်ဆောက်သင့်/မသင့်ကို ဆွေးနွေးမှုပြုလုပ်ခြင်းအပြင် ကန့်ကွက်သည် အထိ ပြုလုပ်နိုင်သည်ဟုဆိုသည်။

တွင်းထွက်သယံဇာတတူးဖော်ရေး ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (EITI) ကို သမ္မတရုံးအမိန့်ဖြင့် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းကော်မတီတွင် သမ်္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ အဖွဲ့ဝင်များအဖြစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးနှင့် သတ္ထုတွင်းဝန်ကြီးဒေါက်တာမြင့်အောင်တို့ပါဝင်ကာ ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်က အတွင်းရေးမှူးအဖြစ် ပါဝင်သည်။

No comments: