Friday, September 27, 2013

မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု ပပျောက်ရေး ကမ္ဘာ့ဘဏ် ကူညီမယ်

ABC

မြန်မာနိုင်ငံအတွင်းက ​ဆင်းရဲမွဲတေမှု ​ပပျောက်ရေးအတွက် ​ကမ္ဘာ့ဘဏ်က ​ကူညီသွားမယ်လို့ ​သိရပါတယ်။

ဆင်းရဲမွဲတေမှုကို ​လာမယ့် ​၂၀၃၀ ​ပြည့်နှစ်မှာ ​အပြီးသတ်ဖြေရှင်းသွားမှာဖြစ်ပြီးတော့ ​ပထမဦးဆုံးအနေနဲ့ ​ကျေးလက်ဒေသတွေမှာ ​မီးလင်းစေဖို့အတွက် ​စတင်လုပ်ဆောင်နေပြီး ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​လူဦးရေ ​သန်း ​၆၀ရှိပြီး ​၇၀ ​ရာခိုင်နှုန်းမှာ ​ကျေးလက်ဒေသနေသူတွေဖြစ်ပါတယ်။ ​လူဦးရေ ​သန်း ​၆၀ ​ရဲ့ ​၂၅ ​ရာခိုင်နှုန်းဟာ ​ဆင်းရဲ ​မွဲတေမှုနဲ့ ​နေနေရတဲ့သူတွေဖြစ်တယ်လို့ ​ကမ္ဘာ့ဘဏ်က ​ထုတ်ပြန်ချက်ထဲမှာ ​ဖော်ပြထားပါတယ်။

ကျေးလက်ဒေသက ​ပြည်သူတွေရဲ့ ​ဆင်းရဲမွဲတေမှုကို ​၂၀၃၀ ​အတွင်း ​အပြီးသတ်ဖြေရှင်းပေးနိုင်ဖို့ ​ကမ္ဘာ့ဘဏ်အနေနဲ့ ​ဆောင်ရွက်သွားမယ်လို့ ​ကမ္ဘာ့ဘဏ်ရဲ့ ​မြန်မာနိုင်ငံဆိုင်ရာ ​ကိုယ်စားလှယ် ​မစ္စတာ ​Kanthan ​Shankar ​က ​အခုလို ​ပြောပါတယ်။

“ကျေးလက်ဒေသဟာ ​မြန်မာနိုင်ငံရဲ့ ​ဆင်းရဲသား ​အများဆုံး ​နေထိုင်တဲ့ ​နေရာဖြစ်ပါတယ်။ ​နောက်ပြီးတော့ ​မြန်မာနိုင်ငံရဲ့ ​GDP ​အရဆိုရင်လည်း ​၅၀ ​ရာခိုင်နှုန်းလောက် ​GDP ​က ​ကျေးလက်ဒေသက ​ဝင်ငွေရနေတာပါ။ ​အဲတော့ ​သူတို့ ​စိုက်ပျိုးရေး ​လုပ်ကြတဲ့ ​ဒီကျေးလက် ​ပြည်သူတွေရဲ့ ​ဆင်းရဲမွဲတေမှုကို ​၂၀၃၀ ​မှာ ​လုံးဝဆင်းရဲမွဲတေမှုကို ​အပြီးသတ်ဖြေရှင်းပေးနိုင်ဖို့ ​ကမ္ဘာ့ဘဏ်အနေနဲ့ ​ရည်ရွယ်ပြီး ​လုပ်ဆောင်မှာ ​ဖြစ်တဲ့အတွက် ​အဲဒီအပေါ်မှာလည်း ​အကျိုးသက်ရောက်မှု ​ရှိမှာ ​ဖြစ်ပါတယ်။”

ပထမဆုံးအနေနဲ့ ​ကျေးလက်ဒေသတွေ ​မီးလင်းဖို့အတွက် ​စတင်ဆောင်ရွက်နေပြီး ​နောက်အဆင့်တွေ ​အနေနဲ့ ​အများပြည်သူဆိုင်ရာ ​ဘဏ္ဍာရေးကိစ္စရပ်တွေနဲ့ ​ပညာရေးဆိုင်ရာ ​အထောက်အပံ့တွေကို ​ဆောင်ရွက်သွားမှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

လာမယ့် ​အောက်တိုဘာလမှာ ​မွန်ပြည်နယ် ​သထုံက ​ဓါတ်ငွေသုံး ​လျှပ်စစ် ​ဓါတ်အားပေးစက်ရုံမှာ ​တူညီတဲ့ ​ဓါတ်ငွေ့ပမာဏကိုပဲ ​အသုံးပြုပြီး ​လျှပ်စစ်စွမ်းအား ​၂၅၀ ​ရာခိုင်နှုန်း ​ပိုမိုထွက်ရှိနိုင်မယ့် ​ခေတ်မှီ ​ဓါတ်အားပေးစက်ရုံ ​စီမံကိန်းကို ​ဆောင်ရွက်မှာ ​ဖြစ်ပါတယ်။

ခေတ်မှီ ​ဓါတ်အားပေးစက်ရုံစီမံကိန်းကြောင့် ​နိုင်ငံတစ်ခုလုံးရဲ့ ​ဓါတ်အားပေးမှုကို ​၅ ​ရာခိုင်နှုန်း ​တိုးလာမှာဖြစ်တယ်လို့လည်း ​ကမ္ဘာ့ဘဏ်ရဲ့ ​ကိုယ်စားလှယ်က ​ပြောပါတယ်။ ​အဲဒီ ​စီမံကိန်းအတွက် ​ကမ္ဘာ့ဘဏ်ကနေ ​မြန်မာနိုင်ငံကို ​နှစ်ရှည်ချေးငွေအဖြစ် ​အမေရိကန် ​ဒေါ်လာ ​သန်း ​၁၄၀ ​ပေးအပ်ပြီး ​ကူညီ ​ဆောင်ရွက်သွားမှာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရဟာ ​ကမ္ဘာ့ဘဏ်ရဲ့ ​အပြည်ပြည်ဆိုင်ရာ ​ဖွံဖြိုးရေးအဖွဲ့(IDA) ​ထံက ​ဖွံဖြိုးတိုးတက်ရေး ​လုပ်ငန်းတွေ ​လုပ်ကိုင်ဖို့ ​အမေရိကန် ​ဒေါ်လာ ​သန်း ​၂၆၀ ​တောင်းခံထားပြီး ​ဒီတောင်းခံထားတဲ့ ​စီမံကိန်းတွေအတိုင်း ​စတင် ​ဆောင်ရွက်ပေးတာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

နှစ်ရှည် ​ချေးငွေတွေကိုပြန်လည် ​ဆပ်ဖို့အတွက် ​နှစ်ပေါင်း ​၄၀ ​သတ်မှတ်ပေးထားပြီး ​၁၀ ​နှစ်တစ်ခါ ​အတိုးနှုန်းအဖြစ် ​၀.၇၅ ​ရာခိုင်နှုန်း ​ပေးရမှာ ​ဖြစ်ပါတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှကနေ ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

No comments: