Wednesday, December 11, 2013

မန်းရှိ နွမ်းပါးရပ်ကွက် ခုနစ်ခုကို ADB ဒေါ်လာတစ်သန်း ကူညီမည်

ဖြိုး

မန္တလေး စည်ပင်နယ်နိမိတ်အတွင်းရှိ ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်မြို့နယ်တို့မှ နွမ်းပါးရပ်ကွက်ခုနစ် ခုကို ဖွံ့ဖြိုးရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ဒေါ်လာတစ်သန်း အကူအညီပေးမည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီဝင်(၃) ဦးထွန်းကြည်က ပြောသည်။

အဆိုပါမြို့နယ်များတွင် အိမ်ရာမဲ့များစွာ ရှိနေခြင်း၊ ရေပေးဝေရေးနှင့် မိလ္လာစနစ် ကောင်းမွန်စွာမရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးတွင်လည်း ကျောက်လမ်းများသာ ရှိနေခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ၂၀၁၄ ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ နယ်သာလန်၊ ပြင်သစ်၊ ဂျပန်အဖွဲ့များနှင့် နားလည်မှု စာချွန်လွှာများ ရေးထိုးကာ အကူအညီများရယူရန် စီစဉ်လျက်ရှိသည်ဟု ဦးထွန်းကြည်က ဆိုသည်။

“ကျွန်တော်တို့ရဲ့ပစ်မှတ်က Green City ဖြစ်ဖို့ပါပဲ၊ ဖွံ့ဖြိုးမှုတစ်ခုလုပ်တိုင်း ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ဖို့က အရေးကြီးပါတယ်။ အရင်ကမြို့တော်တစ်ခု ဖွံ့ဖြိုးဖို့အတွက် ဘာတစ်ခုမှမကြည့်ဘဲ လုပ် ခဲ့ကြတယ်။ ဥပမာ စက်မှုဇုန်လိုမျိုးပေါ့”ဟု ဦးထွန်းကြည်က ပြောသည်။

မန္တလေးမြို့ကို သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီ၍ အစိမ်းရောင်မြို့တော်အဖြစ် အကောင်အထည်ဖော် ရန် ADB ဘဏ်မှ နိုင်ငံခြားသားပညာရှင်အဖွဲ့နှင့် မန္တလေးစည်ပင်ဝန်ထမ်းများ ပူးပေါင်းကာ အောက်တို ဘာလဆန်းပိုင်းမှ နိုဝင်ဘာလကုန်အထိ စည်ပင်နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၆၀၀ ခန့်ကို လူမှုစစ်တမ်းကောက်ယူခဲ့ရာ စစ်တမ်းများအရ ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်မြို့နယ်တို့မှ ရပ်ကွက် ခုနစ်ခုသည် အနွမ်းပါးဆုံးဖြစ်နေသည်ကို တွေ့ရှိရသည်။

မန္တလေးမြို့ကို အစိမ်းရောင်မြို့အဖြစ် အကောင်အထည်ဖော်မည့် လုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ စတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အမှိုက်စွန့်ပစ်မှု၊ ရေအသုံးပြုမှု၊ ရေစီးရေလာကောင်းမွန်မှုနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု မန္တလေးမြို့တော်ဝန် ဦးအောင်
မောင်းက ပြောသည်။

မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးစာရင်းများအရ မန္တလေးမြို့တွင် လူဦးရေ ၁ ဒသမ ၂၄ သန်း နေထိုင် လျက်ရှိပြီး လာမည့်နှစ် ၃၀ အတွင်း လူဦးရေ နှစ်ဆတိုးလာနိုင်သည့်အတွက် တစ်နှစ်လျှင် အိမ်ထောင်စု ပေါင်း ၃,၀၀၀ အတွက် အိုးအိမ်များ လိုအပ်လာမည်ဟု ADB က ခန့်မှန်းထားသည်။

No comments: