ABC
မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုအဆင့်မှာ တိုးတက်မှုရှိလာပေမယ့် အဂတိလိုက်စားမှု အများဆုံး ပြုလုပ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုကနေ ထုတ်ပြန်ထားတဲ့ အဂတိလိုက်စားမှုအဆင့် အရ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်တုန်းက အောက်ဆုံးနား အဆင့် ဖြစ်တဲ့ ၁၇၂ အဆင့် ရောက်ရှိခဲ့ရာကနေ ဒီနှစ်မှာ ၁၅၇ အဆင့် ရောက်ရှိလာတာ ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၇၇ နိုင်ငံရဲ့ အဂတိလိုက်စားမှု အဆင့်ကို သတ်မှတ်တာဖြစ်ပြီး မြောက်ကိုးရီးယားနိုင်ငံက သုံးနှစ်ဆက်တိုက် အောက်ဆုံးအဆင့်မှာ ရောက်နေတာ ဖြစ်ပါတယ်။
မြောက်ကိုးရီးယားနိုင်ငံလိုပဲ အောက်ဆုံးအဆင့်မှာ ရောက်နေတဲ့ နိုင်ငံတွေထဲမှာ အာဖဂန်နစ္စတန်နဲ့ ဆိုမားလီးယားနိုင်ငံတို့ ဖြစ်ကြပါတယ်။
အာဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံတွေထဲမှာ သြစတြေးလျနိုင်ငံက ကနေဒါနိုင်ငံနဲ့ အဆင့်တူပြီး ထိပ်တန်း ၁၀ နိုင်ငံထဲ ပါဝင်ပြီးတော့ နယူးဇီလန်နိုင်ငံနဲ့ ဒိန်းမတ်နိုင်ငံတို့က ဒီနှစ်အတွက် ကမ္ဘာ့အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံတွေရဲ့ ထိပ်ဆုံးနေရာ ရရှိသွားပါတယ်။
ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့က အဆင့် ၁၈၊ ၁၉ နေရာလိုက်နေပြီး တရုတ်နဲ့ ရုရှားနိုင်ငံတို့ကတော့ အဆင့် ၈၀ နဲ့ ၁၂၇ အဆင့်မှာ အသီးသီးရှိကြပါတယ်။
အဂတိလိုက်စားမှု အဆင့်တွေကို Transparency International အဖွဲ့က ထုတ်ပြန်တာဖြစ်ပြီး နိုင်ငံပေါင်း ၁၇၇ နိုင်ငံက တရားရေးရာတွေ၊ နိုင်ငံရေးပါတီတွေရဲ့ လုပ်ရပ်တွေအပြင် အစိုးရဝန်ထမ်းတွေနဲ့ ရဲတွေရဲ့ ပြုမူမှုတွေအပေါ် မူတည်ပြီး အဆင့်သတ်မှတ်တာဖြစ်ပါတယ်။
အဂတိလိုက်စားမှုတွေကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေ၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွေ၊ ဆင်းရဲမွဲတေမှု လျော့ချရေးတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေတယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

No comments:
Post a Comment