Tuesday, December 3, 2013

စာရင်းကျန် အကျဉ်းသား ၈၂ ဦးကို နိုင်/ကျဉ်း ဟုတ်မဟုတ် ပြန်လည်စီစစ်မည်

နန်းလွင်နှင်းပွင့်

ဒီဇင်ဘာ လကုန်တွင် သမ္မတထံ တင်ပြမည့် ကော်မတီစာရင်းတွင်ကျန်ရှိနေသည့်အကျဉ်းသား ၈၂ ဦးစာရင်းကို လက်ကျန်နိုင်ငံ ရေးအကျဉ်းသားစီစစ်ရေးကော်မတီက ဒီဇင်ဘာလ ၇ ရက်တွင် စတင်စိစစ်မည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲအောင်က မဇ္စျိမသို့ ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့အစည်းများဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ် နှင့် AAPP တို့မှ ပြုစုစာရင်းကောက်ယူထားခြင်းသည့် အဆိုပါအကျဉ်းသားများကို နိုင်ငံရေး အကျဉ်းသားများအဖြစ်သတ်မှတ်ခြင်း ရှိ၊မရှိ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ဦးစီးသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားဟောင်းများစိစစ်ရေးကော်မတီမှ စိစစ်မည်ဖြစ်သည်။

ဦးရဲအောင်က “အခု ၈၂ ယောက်က နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်လား၊ မသတ်မှတ်ဘူးလား။ လွှတ်ဖို့ မလွှတ်ဖို့ကို သူတို့က စီစစ်မယ်၊ ပြီးရင် သမ္မတထံ တင်မယ်။အခု နောက်ဆုံး ကောက်ထားတာကတော့ ၈၂ ဦးပဲ၊ ကျန်တဲ့သူတွေရှိနေမှာကိုတော့ စိုးရိမ်တယ်။ ရှိနေသေးရင်တော့ ကျွန်တော်တို့ ထပ်တင်ပြသွားမယ်” ဟု ပြောသည်။

ကော်မတီစာရင်းအရ အကျဉ်းသား၈၂ ဦးတို့မှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၂ ပုဒ်မခွဲ (၁)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇၊ပုဒ်မ-၁၇(၁)တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်ပြီးအဆိုပါအမှုတွဲများမှပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂ ပုဒ်မခွဲ (၁)သည် “မည်သူမဆို ပြည်ထောင်စု နိုင်ငံအတွင်းတွင် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးကို ကျူးလွန်လျှင် သေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဖြစ်စေ၊ ချမှတ်ခြင်း ခံရမည်ဟူသည့် အမှုတွဲများ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇ ဖြစ်သည့် ပြစ်မှုမကင်းသည့်နေရာများသို့ ကျော်နင်းမှု၊ ပုဒ်မ-၁၇(၁) ဖြင့် အများဆုံးကျန်ရှိနေုပြီး ပြစ်ဒဏ်အကြီးဆုံးအဖြစ် ငါးကျွန်းချခံထားရသူများလည်း ရှိနေသည်ဟု ဦးရဲအောင်က ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှလည်း နိုဝင်ဘာ(၁၀)ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့စဉ် သမ္မတ၏ ကတိအတိုင်း နိုင်ငံရေးအကျဉ်းသား အားလုံးတို့ လွှတ်ပေးနိုင်ရန် ဒီဇင်ဘာလ ၃၀ ရက် အထိ နိုင်ငံရေးအကျဉ်းသားစာရင်းများပေးသွင်းကြပါရန် တိုက်တွန်းခဲ့သည်။

သမ္မတ ပြောဆိုချက်၊ ပြည်ထောင်စုဝန်ကြီးတောင်းဆိုချက်များ နှင့်ပတ်သတ်၍ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးသက်ဦးက “ကျွန်တော်တို့တွေကတော့ ဒီဇင်ဘာ ၃၀ ကျော်လို့ နိုင်ကျဉ်း ထပ်ရှိသေးတယ်၊ ဆိုရင်လည်း ထပ်ပြီး တင်ပြနေဦးမှာပါ၊ သမ္မတက ကျွန်တော်တို့ကို ဖွဲ့ပေးထားတုန်းကလည်း နိုင်ကျဉ်းစီစစ်ဖို့ပါပဲ၊ နေ့တွေ ရက်တွေ ကန့်သတ်မထားတော့ ရှိရင် ရှိသလို ထပ်တင်ပြနေဦးမယ်၊ လွှတ်တာမလွှတ်တာတော့ သမ္မတအပိုင်းပါ”ဟု ပြောသည်။

ယခင်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ မရှိဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများသာ ရှိသည်ဟု သုံးနှုန်းခဲ့ရာမှ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားဟူသည့် အသုံးအနှုန်းကို ခေါ်ဝေါ်သုံးစွဲလာပြီးနောက် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်များပေးလာခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကလည်း ရှစ်လေးလုံးငွေရတု အခမ်းအနားပွဲ တက်ရောက်စဉ်က နိုင်ငံရေးအကျဉ်းသားဟောင်းများ လွှတ်ပေးရေးနှိုးဆော်သည့် စာမျက်နှာတွင် အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့သည်။

အစိုးရသစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ၁၃ ကြိမ်ပေးခဲ့ရာ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၁၁၀၀ ဦးကျော်ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ချုပ်၏ စာရင်းပြုစုချက်များတွင် ဖော်ပြထားသည်။

အောက်တိုဘာလတွင်း ပြုလုပ်ခဲ့သည့် ၈ ကြိမ်မြောက် လက်ကျန်နိုင်ငံရေးအကျဉ်း သားစီစစ်ရေးကော်မတီမှ ဆွေးနွေးမှုများအရ ပုဒ်မ ၁၇/၁ ဖြင့် အကျဉ်းကျနေသူများအား ဦးစားပေးလွှတ်ပေးမည်ဟု ဆုံးဖြတ်ချက် ထွက်ခဲ့သော်လည်း ပုဒ်မ ၁၇/၁ များ ဒီဇင်ဘာလထိ ကျန်ရှိနေဆဲပင်ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့အစည်းများက ဆိုသည်။

No comments: