Thursday, December 5, 2013

ဆီးဂိမ်းမတိုင်မီ ဗုံးလန့်သည့် မန္တလေး လုံခြုံရေးတင်းကျပ်မည်

မျိုးသန့်

အမျိုးသမီးဘောလုံးပွဲကျင်းပရန် ရှစ်ရက်အလို မြို့လယ်တွင် ဗုံးဟုယူဆရသည့် အရာနှစ်ခု တွေ့ရှိပြီး ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်သွားမည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရုံး ရဲမှူး(ဦးစီး) ခင်အောင်က ပြောသည်။

“ပိုမို လုံခြုံစိတ်ချစေဖို့အတွက် ဆောင်ရွက်သွားမယ်၊ လုံခြုံရေးကိုလည်း ပိုမို လှုံ့ဆော်မယ်၊ အသိစိတ် တွေကိုလည်း မြှင့်တင်ပေးမယ်၊ နေ့ပိုင်း ညပိုင်း လုံခြုံရေးတွေကိုလည်း ပိုမိုလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေဘက်ကလည်း မသင်္ကာတာရှိရင် ချက်ချင်း အကြောင်းကြားပေးစေလိုပါတယ်”ဟု ရဲမှူးခင်အောင်က ပြောသည်။

မန္တလေးတွင် ၇၇-၇၈ လမ်းကြား၊ ၃၃-၃၄ လမ်းကြားရှိ Diamond Plaza အောက်ဆုံးထပ် ကားရပ်နားနေရာ ကုလားထိုင်တစ်လုံးပေါ်၌ မသင်္ကာဖွယ် ပစ္စည်းတစ်ခုအား ဒီဇင်ဘာ ၂ ရက် ညပိုင်းက တွေ့ရှိခဲ့ပြီး နောက် လုံခြုံရေးတင်းကျပ်မှုပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်။

မြို့တွင်းလုံခြုံရေးအပြင် အမျိုးသမီးဘောလုံးပွဲကျင်းပမည့် မန္တလာသီရိ အားကစားကွင်းကိုလည်း Xray စက်ဖြင့် စစ်ဆေးခြင်း၊ CCTV ကင်မရာများဖြင့် အ၀င်အထွက်များကို စိစစ်ခြင်း၊ ပွဲကြည့်စင် ပရိသတ်များ တွင် အရပ်ဝတ်များဖြင့် လုံခြုံရေးဆောင်ရွက်ခြင်းနှင့် အားကစားကွင်းအနီးတွင် လုံခြုံရေးအတွက် သီး သန့် ကွက်ကဲရေးရုံးတစ်ရုံးကိုလည်း ဖွင့်လှစ် ထားရှိမည်ဖြစ်သည်။

သွားလာရေးလမ်းကြောင်းလုံခြုံရေး၊ အရေးကြီးပုဂ္ဂိုလ်များလုံခြုံရေး၊ ယာဉ်တန်းအနီး လုံခြုံရေး၊ နယ်မြေ လုံခြုံရေး၊ မီးလောင်မှုဖြစ်ပွားလျှင် မီးငြှိမ်းသတ်မှုနှင့် လုံခြုံရေး၊ အရေးပေါ်ဖြစ်ပွားလျှင် ချက်ချင်း လုပ် ဆောင်ပေးမည့် လုံခြုံရေးအစီအစဉ်များကိုပါ လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ငွေဆောင်တွင် ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက် နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်သည်။

No comments: