ထင်လင်းအောင်
ပြည်တွင်းအဖွဲ့အစည်းများက ပြည်ပချေးငွေများရရှိရန် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များနှင့် ငွေကြေးမူဝါဒများက အခက်အခဲများစွာဖြစ်နေ၍ ပြည်ပအခြေစိုက် ပြည်တွင်း အဖွဲ့အစည်းများမှတစ်ဆင့် ဆောင်ရွက်စီစဉ်နေရသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေး မှူး ဦးရဲမင်းအောင်က ပြောသည်။
ဆန်စပါးလုပ်ငန်းများနှင့် သက်ဆိုင်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ပြည်ပချေးငွေရရှိရေးဆောင်ရွက်ရာတွင် ပြည်ပ အခြေစိုက် ပြည်တွင်းအဖွဲ့အစည်းက ဆောင်ရွက်ပေးရန် ပြု လုပ်နေသည်ဟု ဒီဇင်ဘာ ၃ ရက်က UMFCCI တွင်ပြုလုပ်သော ဆန်စပါးလုပ်ငန်းဆိုင်ရာ SME ဖွံ့ဖြိုး ရေး ဆွေးနွေးပွဲတွင် ပြောသည်။
ပြည်တွင်းအဖွဲ့အစည်းများသည် ပြည်ပချေးငွေရရှိရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့ရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC) နှင့် ဗဟိုဘဏ်တို့ဖြင့် တွေ့ဆုံညှိနှိုင်းရကာ အချိန်ကာလ ကြာမြင့်မှုများလည်း ရှိသဖြင့် ချေးငွေရရှိရေး ဆောင်ရွက်ရာတွင် ခက်ခဲသည်ဟု ဦးရဲမင်းအောင်က ပြောသည်။
လက်ရှိအချိန်တွင် ဆန်စပါးလုပ်ငန်းများအတွက် စင်ကာပူနိုင်ငံတွင် ဖွင့်လှစ်ထားသော မြန်မာ့လယ်ယာ ထွက်ကုန် အများပိုင်ကော်ပိုရေးရှင်း MAPCO Oversea ကုမ္ပဏီမှတစ်ဆင့် ဆောင်ရွက်ရန် လုပ်ဆောင် နေလျက်ရှိသည်ဟု ဆက်ပြောသည်။
ဦးရဲမင်းအောင်က “ဒီကနေလုပ်ရင် ဌာနဆိုင်ရာတွေနဲ့ ထိတွေ့ဆက်ဆံရင်း အချိန်တွေအရမ်းကြာသွား မှာကိုစိုးရိမ်ရတယ်။ AEC ရောက်ဖို့က သိပ်မလိုတော့ဘူး။ စင်ကာပူမှာဖွင့်ထားတဲ့ MAPCO ကနေ တစ် ဆင့် ချေးငွေရရှိအောင်လုပ်ပြီး ပြည်တွင်းကို ပြန်ပေးမယ်။ ဆန်စပါးလုပ်ငန်းနဲ့သက်ဆိုင်တဲ့ SME တွေကို ပြန်ပြီး ထောက်ပံ့ပေးသွားမှာပါ”ဟုပြောသည်။
ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများသည် အာဆီယံစီးပွားရေးအသိုက်အ၀န်း AEC ရောက်ရှိလာပါက ပြည်ပမှဝင်ရောက်လာမည့် လုပ်ငန်းများနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန် ကြိုတင်ပြင်ဆင် မှုများ လိုအပ်သော်လည်း ငွေကြေးအရင်းအနှီးများ အခက်အခဲရှိနေသဖြင့် ပြည်ပချေးငွေများ ရရှိရေး ဆောင်ရွက်စီစဉ်နေရခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
ထိုသို့ ချေးငွေရရှိရေးဆောင်ရွက်ရာတွင် ကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ခြင်းမှတဆင့် အခြေခံကာ နိုင်ငံတကာချေးငွေရရှိရေး ဆောင်ရွက်မည်ဖြစ်ပြီး ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဆန်စပါး ရာသီ အတွင်း ပြည်တွင်းလုပ်ငန်းများကို အတိုးနှုန်းသက်သာစွာ ပြန်လည်ထုတ်ချေးပေးသွားမည်ဟုပြော သည်။
စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဦးလှမောင်က “ပြည်ပချေးငွေရဖို့ ဘယ် အဖွဲ့အစည်းကပဲလုပ်လုပ် ချေးလိုက်တဲ့ ပိုက်ဆံတွေက ဗဟိုဘဏ်၊ ဒါမှမဟုတ် အစိုးရဘဏ်တွေကိုပဲ လွှဲပေးရမှာပဲ။ အဲတော့ ချေးငွေလျှောက်တဲ့အခါမှာ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ဗဟိုဘဏ်တို့ကို မိတ္တူပို့လိုက်တာနဲ့ချေးမယ့်သူ ကို အဆင်ပြေအောင်လုပ်ပေးသင့်တယ်။ အခုက အဆင့်တွေ အရမ်းများတော့ ကိုယ့်နိုင်ငံထဲဝင်လာ မယ့်ပိုက်ဆံကိုပဲ ကိုယ်ပြန်ပိတ်သလိုဖြစ်နေတယ်” ဟု သုံးသပ်ပြောသည်။
No comments:
Post a Comment