Monday, December 9, 2013

ဒေသဖွံ့ဖြိုးရေး ကျပ် ၃ ဒသမ ၃ ဘီလီယံ သုံးစွဲခွင့် ဘဏ္ဍာရေးစည်းမျဉ်းနှင့်မညီဟု သမ္မတဝေဖန်

ဥာဏ်လှိုင်လင်း

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုနှင့် တိုင်း၊ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် များကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားသည့် ကျပ် ၃ ဒသမ ၃ ဘီလီယံ သုံးစွဲခွင့်သည် အခြေခံဥ ပဒေပါ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်မကိုက်ညီဟု နိုင်ငံတော်သမ္မတက သ၀ဏ်လွှာပေးပို့ ဝေဖန်ထောက် ပြခဲ့သည်ဟု သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် မဇ္ဈိမကို အတည်ပြု ပြော သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်သုံးတာကို ကန့်ကွက်တာမဟုတ်ဘူး ထောက်ပြတာ။ အခြေခံဥပဒေပါ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွေနဲ့အညီဖြစ်ဖို့ ပြန်သုံးသပ်ဖို့လိုတယ်လို့ အကြံပြုတာ”ဟု ၎င်းက ဆိုသည်။

ပေးပို့ခဲ့သည့်ရက်ကိုမူ အတည်ပြု ပြောဆိုခဲ့ခြင်းမရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံတော်သမ္မတ ရောက်ရှိသည့် ဒီဇင်ဘာ ၂ ရက်မတိုင်မီ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁,၀၀၀ စီသုံးစွဲခွင့်ပြုထားသည့် အဆို ပါ ဒေသဖွံ့ဖြိုးရေးအသုံးစရိတ် သုံးစွဲခွင့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါအသုံးစရိတ်များသည် အစိုးရအဖွဲ့က တင်ပြလာသည့် ၂၀၁၃ -၁၄ ဘဏ္ဍာနှစ် အသုံးစရိတ်များကို လွှတ်တော်မှ စိစစ်ဖြတ်တောက်ရာတွင် အပိုထွက်လာသည့်ပမာဏ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ် သည်။

အဆိုပါစားရိတ်များ အသုံးပြုရာတွင် သုံးစွဲသည့်မှတ်တမ်းများထားရှိမည့် လွှတ်တော်ကော်မတီများနှင့် တာဝန်ခံသုံးစွဲမည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးပိုင်ခွင့်မရှိသဖြင့် အခြေခံဥပဒေပါ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများနှင့် မကိုက်ညီဟု သ၀ဏ်လွှာပေးပို့ ထောက်ပြ ခဲ့ခြင်းဟု သမ္မတရုံးတာဝန်ရှိသူက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ခွင့်ပြုထားသည့် အိနိ္ဒယနိုင်ငံတွင် အသုံး စရိတ်များကို အမျိုးသားစာရင်းအင်းနှင့် စီမံကိန်းဝန်ကြီးဌာနအောက်တွင်သာ ထားရှိသည်ဟုလည်း ၎င်း က ထောက်ပြသည်။

“အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး လုပ်ရမယ့်အလုပ်တွေ ကွဲကွဲပြားပြား ရှိဖို့လိုတယ်”ဟု ၎င်းကသုံးသပ်သည်။

မြန်မာနိုင်ငံတွင်မူ အဆိုပါအသုံးစရိတ်များသည် လွှတ်တော်ရုံး၏ ဘတ်ဂျက်အတွင်း၌ ရှိနေခြင်းကို ဝေဖန်လိုခြင်းလည်း ဖြစ်သည်။

သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကမူ အခြေခံဥပဒေနှင့်မညီလျှင် ပြင်ဆင်ရုံသာရှိသည်ဟု မှတ်ချက်ပြုသည်။

“အခြေခံဥပဒေနဲ့ မညီဘူးဆိုရင် အခြေခံဥပဒေကို ပြင်လိုက်ပေါ့ဗျာ။ စာရင်းစစ်ချုပ်က လွှတ်တော်ကိုယ် စားလှယ်တွေ၊ ကော်မတီတွေကို စစ်ခွင့်မရှိဘူးဆိုရင် ဖြည့်စွက်ဖို့လိုရင် အခြေခံဥပဒေမှာ ဖြည့်စွက်ဖို့ကြိုး စားရမှာပေါ့”ဟု ပြောသည်။

ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ မဲဆန္ဒနယ်မြေအလိုက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဖြင့် ငွေထုတ်ပေးခြင်း၊ လုပ်ငန်းကြီးကြပ်ခြင်းတို့ကိုသာ တာဝန်ယူရန်ရှိသည်ဟု ၎င်းက ပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာနှင့် မြို့နယ်ဖွံ့ဖြိုးရေးကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ ရပ်မိရပ်ဖများနှင့် အဆိုပြုလုပ်ငန်းရွေးချယ်စဉ်ကပင် တိုင်ပင်ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများက ဆိုသည်။

“ဖွံ့ဖြိုးရေးကော်မတီတွေကို အခြေခံလုပ်ရမှာလေ၊ ဒါလည်း သမ္မတဖွဲ့ပေးထားတာပဲ”ဟု မကွေးမဲဆန္ဒ နယ်-၁၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။

လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများအရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့သည် ဖွံ့ဖြိုးရေးလုပ်ငန်း အဆိုပြုလျာထားချက်ကို ပြည်ထောင်စုလွှတ်တော်ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီသို့ တင်ပြရမည်ဖြစ်သည်။

ယင်းတို့ကို ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီက စိစစ်ပြီးနောက် သက်ဆိုင်ရာမြို့နယ်များရှိ သတ်မှတ်ထားသူများထံ ဘဏ်ခွဲမှတစ်ဆင့် ငွေစာရင်း လွှဲပြောင်းပေးမည်ဖြစ်သည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာကို ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီသို့ ပြန်လည် အစီရင်ခံရမည်ဖြစ်သည်။ လုပ်ငန်းကော်မတီက ယင်းအစီရင်ခံစာများကို ပြည် သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီတို့ သို့ မှတ်တမ်းတင်ရန် ပေးပို့သွားမည်ဖြစ်သည်။

စာရင်းစစ်ဆေးမှုခံယူရန်ကိစ္စကိုမူ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီ၏ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်အတွင်း ထည့်သွင်းထားသည်ကို လုပ်ထုံးလုပ်နည်း ရှင်းလင်းချက်ဇယားအရ သိရသည်။

No comments: