Monday, December 9, 2013

မြန်မာ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ IMF တိုက်တွန်း

ABC

မြန်မာနိုင်ငံ ​စီးပွားရေးမှာ ​တိုးတက်မှုတွေရှိလာတာနဲ့အမျှ ​မြန်မာအစိုးရအနေနဲ့ ​ဆင်းရဲမွဲတေမှု ​ပပျောက်ရေးကို ​မီးမှောင်းထိုး ​လုပ်ဆောင်သင့်တယ်လို့ ​နိုင်ငံတကာ ​ငွေကြေးရံပုံငွေအဖွဲ့ ​IMF ​က ​တိုက်တွန်းလိုက်ပါတယ်။

IMF ​ရဲ့ ​အကြီးအကဲဖြစ်သူ ​Christine ​Lagarde ​က ​ရန်ကုန် ​စီးပွားရေးတက္ကသိုလ်မှာ ​စနေနေ့က ​ပြောသွားတာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​စုစုပေါင်း ​လူဦးရေရဲ့ ​လေးပုံ ​သုံးပုံဟာ ​လျှပ်စစ်မီးကို ​မရကြသေးသလို ​လူဦးရေ ​တစ် ​ရာခိုင်နှုန်းသာ ​အင်တာနက်အသုံးပြုနိုင်တဲ့ ​အခြေအနေမှာ ​ရှိနေဆဲပဲလို့ ​ဆိုပါတယ်။

အဲဒါ့အပြင် ​စုစုပေါင်း ​လူဦးရေရဲ့ ​၂၆% ​ဟာ ​ဆင်းရဲမွဲတေမှု ​အောက်မှာ ​ရောက်ရှိနေဆဲဖြစ်တဲ့အတွက် ​ဆင်းရဲမွဲတေမှုကို ​လျော့ချဖို့ ​အရေးကြီးပြီး ​မြန်မာစီးပွားရေးဟာလည်း ​အားလုံးပါဝင်တဲ့ ​စီးပွားရေးနဲ့ ​ရေရှည်တည်တံ့မှု ​ရှိမယ့် ​စီးပွားရေးမျိုးဆီကို ​ဦးတည်သင့်တယ်လို့ ​ပြောသွားခဲ့ပါတယ်။

ရေရှည်တည်တံ့တဲ့ ​စီးပွားရေးတည်ဆောက်ရမှာဖြစ်တဲ့အတွက် ​ဘဏ်လုပ်ငန်းနဲ့ ​ငွေကြေးလုပ်ငန်းကို ​အလျင်စလို ​လွတ်လပ်စွာ ​လုပ်ကိုင်ခွင့်ပေးလိုက်တာမျိုး ​မလုပ်ဖို့လည်း ​သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ​စိုက်ပျိုးရေးကို ​အခြေခံထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ​စိုက်ပျိုးရေးကဏ္ဍမှာ ​ဖွံ့ဖြိုးရေးတွေ ​လုပ်နိုင်ရင် ​စိုက်ပျိုးရေးအပေါ် ​မှီခိုနေကြတဲ့ ​လယ်သမားတွေနဲ့ ​သူတို့ရဲ့ ​မိသားစုဝင်တွေပါ ​ပြေလည်သွားမယ်လို့ဆိုပါတယ်။

အဲဒါ့အပြင် ​အစိုးရအနေနဲ့ ​ကျန်းမာရေးနဲ့ ​ပညာရေးတွေမှာ ​၂% ​တောင် ​အသုံးမပြုထားတဲ့အတွက် ​အဲဒီကဏ္ဍတွေအတွက် ​ပိုမိုသုံးစွဲဖို့ ​သင့်တယ်လို့လည်း ​IMF ​ရဲ့ ​အကြီးအကဲက ​တိုက်တွန်းလိုက်ပါတယ်။

IMF ​အနေနဲ့ ​မြန်မာနိုင်ငံမှာ ​အမှုထမ်းတွေ ​တိုးချဲ့ပြီး ​ကူညီထောက်ပံ့မှုတွေ ​ပိုလုပ်သွားမယ်လို့လည်း ​ပြောခဲ့ပါတယ်။

IMF ​အကြီးအကဲရဲ့ ​မြန်မာနိုင်ငံခရီးစဉ်အတွင်း ​အစိုးရ ​အရာရှိကြီးတွေအပါအဝင် ​ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ​တွေ့ဆုံခဲ့ပါတယ်။

No comments: