Tuesday, December 3, 2013

မိကျောင်းကန်မြေများ ပြန်ရရေး အသေခံတောင်းဆိုရန် သရဏဂုံတင်

နန်းမြင့်

မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှ မြေသိမ်းခံရသည်ဟုဆိုသည့် သပိတ်စခန်းဖွင့် ဆန္ဒပြသူများက မြေပြန်ရ ရေးအတွက် အသေခံတောင်းဆိုသွားရန် ဒီဇင်ဘာ ၂ ရက်တွင် သံဃာတော်များနှင့် သရဏဂုံတင်လိုက်ပြီ ဖြစ်သည်။

အာဏာပိုင်များဖက်မှ ယနေ့အချိန်ထိ တုံ့ပြန်မှု တစ်စုံတစ်ရာမရှိသေးဘဲ ယခုတောင်းဆိုခြင်းသည် ဒုတိယ အကြိမ် သပိတ်စခန်းဖွင့်ပြီး ၇ ရက်မြောက်နေ့တွင် ဆန္ဒပြသူ ၄၀၀နီးပါးခန့် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်း ကန် အပိုင်း ၁၊ ၂၊ ၃ အနီးရှိ ဝေဇယန္တာလမ်းမပေါ်တွင် သံဃာတော် ၁၉ ပါးနှင့် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

မိကျောင်းကန် အပိုင်း ၁ တွင် နေထိုင်ခဲ့သူ မနေနွယ်သန်းက “ မိကျောင်းကန်ပြည်သူတွေက တောင်းဆို ချက်တွေကို အစိုးရဘက်က လိုက်လျောမှုမရှိတဲ့အတွက် ဒီမှာပဲ အသေခံတိုက်တော့မယ့် သဘောပါပဲ။ မြေမရမချင်း အသေခံမယ်။ ပြည်သူတွေဆန္ဒအရ အားလုံးကို သရဏဂုံတင်တယ်ဆိုပြီး ဘုန်းတော်ကြီးတွေကို ပင့်လိုက်တာပါ” ဟု ပြောသည်။

မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ဆန္ဒပြသူများ၏ တောင်းဆိုသည့်အချက်များမှာ မိကျောင်းကန်မြေပေါ်ရှိ အရာရှိအချို့နှင့် ခရိုနီအဆောက်အဦးများအား ဖယ်ရှားပေးရန်၊ မိကျောင်းကန် ပြည်သူများအား ပုဒ်မ ၁၈ ဖြင့် အရေးမယူရန်၊ ၂၄ နာရီဘုရားဖူးခွင့်ပေးရန်၊ မိကျောင်းကန်အတွင်းဆောက်လုပ်နေသော အဆောက် အဦးများအား တာန်ယူ ဖြေရှင်းပေးရန်၊ မိကျောင်းကန်အရေး ဆောင်ရွက်မှုကြောင့် ထောင်ကျသွားသူ များ အမြန်လွှတ်ပေးရန်၊ မြေသိမ်းဥပဒေနှင့်မညီဘဲ သိမ်းယူသွားသော မိကျောင်းကန်မြေအား တာဝန်ရှိ သူ၊ တာဝန်ယူသူမှ လာရောက်ဖြေရှင်းပေးရန်၊ တာဝန်ယူ တာဝန်ခံမှုမရှိပါက ယင်းနေရာမှ လုံးဝဆုတ်ခွာ ပေးမည်မဟုတ်ဟု တောင်းဆိုထားသည်။

မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှ သပိတ်စခန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး အဆိုပါသပိတ်စခန်းမှ ဆန္ဒပြ သူငါးဦး နှင့် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးတို့ နေ့လယ် ၁၁ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်အုပ်ရေး မှူးရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့သေးသော်လည်း ထူးခြားသည့် ပြောင်းလဲမှု မရှိခဲ့ပေ။

နယ်စပ်ရေးရာလုံခြုံရေး၏ ၀န်ကြီးဦးတင်ဝင်းက “တပ်မတော်မြေဖြစ်တဲ့ အကြောင်းပြောပြီးပြီ။ ပိုင်ဆိုင်မှု အထောက်ထားတွေပေးပါဆိုတော့ ဘယ်သူမှ လာတင်ပြတာလည်း မရှိဘူး။ ဒီမှာတော့ ဥပဒေမဲ့ မလုပ် ပါနဲ့၊ သပိတ်စခန်း ပြန်ရုပ်သိမ်းစေချင်တယ်။ ဖြေရှင်းရမယ့် လမ်းကြောင်းအတိုင်း သွားစေချင်လို့ လာဖြေ ရှင်းပေးတာ။ သပိတ်စခန်းဖွင့်တာကို ဥပဒေအတိုင်းဆောင်ရွက်မယ်” ဟု ပြောသည်။

မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှ မြေပြန်ရရေး ဆန္ဒပြသူများသည် သပိတ်စခန်း နှစ်ကြိမ်ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ် သပိတ်စခန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး ဦးဇော်ထွန်း၊ ဦးအောင်မျိုးဝင်း၊ ဦးသန်းလွင် တို့ကို ပုဒ်မ ၁၈ ဖြင့် အရေးယူထားဆဲ ဖြစ်သည်။

သရဏဂုံတင်ပွဲသို့ ကြွရောက် တရားဟောသည့် ဦးဆန္ဒာသီရိက “အသက်သေတဲ့အထိ ဒီမြေဒီနေရာက နေ မခွာဘူးဆိုပြီး ဆုံးဖြတ်ချက်ချထားရင် တစ်ဖက်က အကယ်၍ စီးနင်းမှုတွေ ကြုံကြိုက်လာရင် လက်ရှိ ရှိနေတဲ့အတိုင်း တည်ရှိနေဖို့လိုတယ်။ ရိုက်ပြီးနှက်ပြီး ကားပေါ်ဆွဲတင်ပြီဆိုတဲ့ အချိန်မှာ သတိ ရှိဖို့လို တယ်။ စိတ်ဓာတ်ကြံ့ခိုင်နေဖို့ လိုတယ်။ အချင်းချင်း ညီညွတ်နေဖို့လိုတယ်။ အဲဒါမှ မိမိတို့မြေတွေ ပြေပြေ လည်လည်နဲ့ ပြန်လည်ရရှိမယ်”ဟု ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်း ရေး ကော်မရှင်မှအဖွဲ့ဝင် ဦးခိုင်မောင်ရည်က “ပြည်သူတွေ ဘ၀တွေနဲ့ပတ်သက်ပြီး ရင်းခဲ့ရတာ စုတ်ပြတ် သတ်နေတဲ့ဘ၀မှာ သူတို့အတွက် မထူးတော့ဘူး။ ဆန္ဒပြရုံက လွဲပြီး မရှိတော့ဘူးဆိုပြီး ပြကြတာ။ သမ္မတလာတာနဲ့ သမ္မတလမ်းကြောင်း ရှေ့မှာ စာတန်းတွေကိုင်ပြီး ကားတိုက်လိုက်လည်း တိုက်ပစေ ဆိုပြီး ဆန္ဒပြမယ့် သူတွေလို့ သိထားတယ်။ အဲဒီအတွက် သမ္မတက ဒါနဲ့ပတ်သက်ပြီး တစ်စုံတစ်ခု လုပ် ပေးဖို့ လိုအပ်လိမ့်မယ်လို့ မြင်တယ်။ ဘာမှမလုပ်ရသေးတဲ့မြေကြီးကို ပြန်ပေးသင့်တယ်” ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ အဆိုအရ သမ္မတကြီး အနေနှင့် ဘယ်အဖွဲ့အစည်း မဆို၊ ပြောပိုင်ခွင့်၊ မေတ္တာရပ်ခံခွင့်ရှိသည်ဟု ဆိုထားသော်လည်း ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်း က မိကျောင်းကန် ဆန္ဒပြသူများက သမ္မတထံ စာတင်ခဲ့သော်လည်း အကြောင်းမထူးသေးပေ။

ထို့ပြင် မိကျောင်းကန် ၁၊ ၂၊ ၃ ဆန္ဒဖော်ထုတ်သူ ဦးစိန်သန်း၊ ဦးကျော်လွင်၊ MTCFခေါင်းဆောင် ဦးထင်ကျော်ကို ပုဒ်မ ၁၈ ဖြင့် တရားစွဲခံခဲ့ရပြီး ၂၀၁၃ နိုဝင်ဘာ ၂၆ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ဖြင့် အင်းစိန်ထောင်တွင် ချခံခဲ့ရသည်။

No comments: