Wednesday, December 11, 2013

မိကျောင်းကန်အရေး အစိုးရအဖွဲ့ နှုတ်ဆိတ်နေခြင်း လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

ဝေမာသိမ့်၊ မောင်သင်တုန်း

မိကျောင်းကန်ပြည်သူများနှင့် တပ်မြို့စည်ပင်ကြား ၁၅ ရက်ကြာ ဖြစ်ပေါ်နေသော မိကျောင်းကန်အရေးတွင် ပြည်သူဗဟိုပြုမည်ဟု ဆိုသည့် သမ္မတနှင့် သမ္မတရုံးမှ တာဝန်ရှိသူများ နှုတ်ဆိတ်နေခြင်းကို မေးခွန်းထုတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း အဆိုပါအရေးကို ကြားဝင်စေ့စပ်ပေးနေသည့် လွှတ်တော်ကိုယ် စားလှယ်များက ပြောကြားလိုက်သည်။

မိကျောင်းကန်ပြည်သူနှင့် တပ်မြို့စည်ပင်ကြား ဖြစ်ပွားနေသည့် ပဋိပက္ခသည် နှစ်ဖက်တင်းခံနေသည့် အခြေအနေတွင် ဗဟိုအစိုးရဖြစ်သည့် သမ္မတနှင့် သမ္မတရုံးမှဝန်ကြီးများက လျစ်လျူရှုနေခြင်းသည် ဒီမို ကရေစီစနစ်ကို အစပျိုးနေသည့် နိုင်ငံအနေဖြင့် ကောင်းမွန်သည့် လက္ခဏာမဟုတ်ကြောင်း မိကျောင်း ကန်အရေးကို စေ့စပ်ဆောင်ရွက်ပေးနေသည့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သိန်းလင်းနှင့်အမျိုးသားဒီမိုကရေစီပါတီသစ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော် တို့က ဝေဖန်ပြောကြားလိုက်သည်။

မိကျောင်းကန်အရေးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးမှ တာဝန်ရှိသူများ၊ မိကျောင်းကန်ကိုယ်စား လှယ်များနှင့် တွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည့် အမျိုးသားဒီမိုကရေစီပါတီသစ်မှ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က “ကျွန်တော်တို့က မိကျောင်းကန်သပိတ်စခန်းကို မဖြိုခွင်းဖို့၊ နောက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့ ညှိခဲ့တယ်။ နှစ်ခုလုံးကို လက်မခံတဲ့ သဘောမှာရှိတယ်။ ဒီနှစ် လမ်းကို ၀န်ကြီးချုပ်က သဘောမတူတဲ့အတွက် ကျွန်တော်တို့က ပြည်သူဘက်က ဆက်ရပ်တည်သွား မယ်။ ဒီကိစ္စဟာ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကဖြစ်လို့ ဒေသအစိုးရက ညှိနှိုင်းရမယ်။ သမ္မတက လည်း ပြည်သူတွေ ဘယ်လောက်နစ်နာနေလဲ စဉ်းစားပြီး ၀င်သင့်ရင် ၀င်ရမယ်။ ပြည်သူဗဟိုပြုရေးလို့ ဆိုတဲ့ သမ္မတ အစိုးရက အခုလို လျစ်လျူရှုထားတာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ သမ္မတခရီးသွား လည်း သမ္မတရုံးဝန်ကြီးတွေက အလေးထား စဉ်းစားရမယ်”ဟု ပြောသည်။

မိကျောင်းကန်အရေးတွင် တိုင်းအစိုးရနှင့် မိကျောင်းကန်သပိတ်စခန်းရှိ ပြည်သူများအကြား စေ့စပ်ပေး လျက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သိန်းလင်းက “မိကျောင်းကန်ပြည်သူတွေကလည်း တိတိကျကျ အဖြေလိုချင်တယ်။ တိုင်းအစိုးရ ကလည်း အဖြေမပေးနိုင်ဘူး။ ဒီကိစ္စက ပြည်ထောင်စုအဆင့်က အဖြေပေးမှရမယ်။ တပ်သိမ်းမြေဖြစ်လို့ တိုင်းအစိုးရကလည်း ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဖို့လိုတယ်။ တပ်ကလည်း တပ်ဥပဒေအရဆိုပြီး တင်းခံနေ ရင် ဒီပြဿနာက ပြေလည်မှာမဟုတ်ဘူး။ ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ဗဟိုအစိုးရက ဒီကိစ္စကို အဖြေ ပေးရမယ်။ အဖြေမပေးနိုင်ရင်တောင် ကုစားနိုင်တဲ့ နည်းလမ်းကိုတော့ ပေးနိုင်ရမယ်။ ကျွန်တော်တို့က တော့ ဖယ်ရှားမှာကို အင်မတန် စိုးရိမ်တယ်။ တကယ်နစ်နာမှာက ပြည်သူတွေပဲ။ ကျွန်တော်တို့ကတော့ နစ်နာသူတွေဘက်ကပဲ ဆက်ရပ်တည်သွားမယ်”ဟု ပြောသည်။

မိကျောင်းကန်သပိတ်စခန်း ကိုယ်စားလှယ် ဦးရဲနိုင်ဝင်းက “ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မိကျောင်းကန်နစ်နာသူတွေကို ဘယ်လိုဖြေရှင်းပေးမယ်ဆိုတဲ့ နည်းလမ်း၊ ဒါမှမဟုတ် တိကျတဲ့ အဖြေတစ်ခုပေးဖို့ လိုအပ်တယ်။ အဖြေမရမချင်း သပိတ်စခန်းဆိုတာ ရှိနေမှာပဲ။ ၀န်ကြီးချုပ်နဲ့တွေ့တော့ သပိတ်စခန်းကို ကြမ်းကြမ်းတမ်းတမ်း မပြုဖို့ကိုတော့ အစိုးရဘက်က လက်ခံတယ်။ လွှတ်တော်ကနေ စုံစမ်းရေးကော်မရှင်တစ်ခုဖွဲ့ပြီးမှ ထွက်လာမယ့်အဖြေက အဓိကဖြစ်နေတယ်”ဟု ပြောသည်။

မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မှ မူလပိုင်ရှင်များဟု ဆိုသည့် လူအင်အား ၄၀၀ ခန့်က သပိတ် စခန်းကို နိုဝင်ဘာ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ၂ ရက်တွင် မိကျောင်းကန်သပိတ် စခန်းရှိ ပြည်သူများက မိကျောင်းကန်မြေပြန်ရရေး အသေခံ တောင်းဆိုသွားမည်ဖြစ်ကြောင်း သရဏဂုံ တင်ခဲ့သည်။

ထိုသို့ သရဏဂုံတင်ပြီးနောက် ငါးရက်အကြာ ဒီဇင်ဘာ ၇ ရက်နေ့တွင် တပ်မြို့ စည်ပင်သာယာအဖွဲ့များ က မိကျောင်းကန်သပိတ်စခန်းနှင့် မြစာရံအေးစေတီဘုရားဝင်းကို ခြံစည်းရိုးကာရံခဲ့ခြင်းကြောင့် သပိတ် စခန်းဖွင့် ဆန္ဒပြသူများနှင့် တပ်မြို့စည်ပင်သာယာအဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး သပိတ်စခန်းရှိ ပြည်သူအချို့ ထိခိုက်မှုများရှိခဲ့သည်။ ထိုနေ့မှာပင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင် က ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီတွင် နောက်ဆုံးထား သပိတ်စခန်း ရုပ်သိမ်းရန် ထုတ်ပြန်ခဲ့သည်။

အဆိုပါသပိတ်စခန်းအနီးရှိ မြစာရံ အေးစေတီဘုရားဝင်းသို့ ၀င်ရောက်ခဲ့သည့်အတွက် ပိုင်နက်ကျူးလွန် မှု ပုဒ်မ-၄၄၇ ဖြင့် မိကျောင်းကန်ပြည်သူ ၂၅ ဦးမှာ တရားစွဲဆိုခြင်း ခံထားရသည်။

No comments: