နန်းမြင့်
ယာဉ်ကြော ပိတ်ဆို့မှု သက်သာစေရန် ဆောက်လုပ်သော ခုံးကျော်တံတားများထဲမှ တစ်ခုဖြစ်သည့် ရွှေဂုံတိုင် ခုံးကျော် တံတားပေါ်သို့ ယာဉ်များဖြတ်သန်းသွားလာခြင်းကို ဒီဇင်ဘာ ၁ရက် နေ့လည် ၁၂နာရီတွင် စတင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်ဟု ရွှေဂုံတိုင် ခုံးကျော်တံတားစီမံကိန်း အင်ဂျင်နီယာ ဦးအုန်းလှိုင်က ပြောသည်။
ယင်းတံတား ဖွင့်ပွဲအခမ်းအနားကိုလည်း မကြာမီ ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း ဦးအုန်းလှိုင်က ပြောသည်။
ဦးအုန်းလှိုင်က ”ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မဲ့ သဘောရှိပါတယ်။ တံတားပေါ်တွင် မောင်းရန် မိုင် ၃၀ နှုန်း ပဲ ခွင့်ပြု ထားတယ်။ အကွေ့အကောက်များတဲ့အတွက် သတ်မှတ်စံချိန် စံညွန်းအတိုင်း မောင်းဖို့ လိုပါတယ်” ဟု ပြောသည်။
ယင်းအပြင် ယာဉ်များ ဖြတ်သန်းသွားလာသည့်အခါ ထွက်ပေါ်လာသော အသံကို လျော့ချပေးသည့် အသံထိန်း ကိရိယာ Soung Barriers စနစ်ကို Excel Tower နှင့် ရွှေဂုံတာဝါအနီး တံတားပေါ်တွင် တပ်ဆင်သွားမည်ဖြစ်သည်။
ဦးအုန်းလှိုင်က “အသံထိန်းကိရိယာ (Soung Barriers ) မြန်မာပြည်မှာ ပထမဆုံးတပ်ဆင်တဲ့ တံတားပါ။ ကားတွေဖြတ်သွားတဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ ဆူညံသံတွေ အဆောက်အဦနဲ့ နီးတဲ့အတွက် Soung Barriers နဲ့ ခံပြီး ဒီအသံကို စုပ်ယူတဲ့ စနစ်ခံထားပါတယ်။ တပ်ဆင်ရင်တော့ သုံးရက်အတွင်းပြီးသွားမယ်” ဟု ပြောသည်။
ယင်းကိရိယာသည် ဒီဇင်ဘာ ၂ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်သည်
ရွှေဂုံတိုင်ခုံးကျော်တံတားသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြီးကြပ်ပြီး Caplital Development LTD မှ ဆောက်လုပ်ခြင်းဖြစ်သည်။ တံတားအမျိုးအစားမှာ သံကူကွန်ကရစ်တံတားဖြစ်ပြီး ယာဉ်သွားလမ်းလေးလမ်းပါရှိကာ လမ်းအကျယ် ၄၅ ဒသမ ၅၉ ပေရှိပြီး တံတားအရှည် ၂၀၅၉ ဒသမ ၅၅ပေ ရှိသည်။ အမြင့်ဆုံးယာဉ်ခံနိုင်ဝန် ၆၀ တန် ရှိပြီး အများဆုံး မောင်းနှင်နိုင်သည့် မိုင်နှုန်း ၅၀ ကီလိုမီတာ ဖြစ်သည်။
ယင်းခုံးကျော်တံတားအနီး ဗဟန်းမြို့နယ်တွင် နေထိုင်သည့် ကိုယ်ပိုင်ယာဉ်မောင်း ဦးသန်းဝင်းက ”ကျွန်တော်က ပထမ ဆုံးဖြတ်ချင်လို့ လာစောင့်တာပါ။ တံတားပြီးရင် တော်တော်အဆင်ပြေသွားမယ်ထင်တယ်။ ဗဟန်းအ၀ိုင်းမှာတော့ သွားပိတ်နိုင်တယ်” ပြောသည်။
အခြား အငှားယာဉ်မောင်း အမျိုးသားတစ်ဦးကလည်း ”အကွေ့တွေတော့ များတယ်။ သွားရတာ အဆင်ပြေပါတယ်။ လက်ရှိ လမ်းပိတ်တာတွေတော့ မရှိသေးဘူး။ နောက်ပိုင်း ဟာမစ်တစ်မီးပွိုင့် (တံတားအနီး) မှာ လာပိတ်နိုင်တယ်”ဟု ပြောသည်။
ရွှေဂုံတိုင်ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး လုပ်ငန်း ဆောင်ရွက်ခြင်းကို ၁၁ လ ကျော် ဆောင်ရွက်ခဲ့သည်။ ယင်းတံတားအတွက် အဆိုပြု ခန့်မှန်း ကုန်ကျငွေမှာ ၁၇ ဒသမ ၄၄ ဘီလီယံဖြစ်သည်ဟု ကုမ္မဏီက သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ သက်သာစေရန်အတွက် လှည်းတန်း ခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတားနှင့် ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတားများကိုလည်း တည်ဆောက်ခဲ့ပြီး လှည်းတန်း ခုံးကျော်တံတားမှာ ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က စတင်အသုံးပြုခွင့်ပေးခဲ့ကာ ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတားမှာ နိုဝင်ဘာ ၂၄ ရက်တွင် နှစ်ထပ်စလုံး အသုံးပြုခွင့်ရခဲ့သည်။
No comments:
Post a Comment