Monday, December 2, 2013

တနိုင်ငံလုံးရှိ လူငယ်များ ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးပွဲအတွက် ကယားပြည်တွင် စတင်ပြင်ဆင်

ဖဲဘူး

အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ပြုလုပ်နေကြသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲ ရလဒ် အပေါ် လေ့လာသုံးသပ်သည့် ဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် နိုဝင်ဘာ ၂၉ ရက်နေ့က လူငယ်များဦးဆောင်၍ ပြုလုပ်သွားသည်။

လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ တောင်ကြီးတွင် ပြုလုပ်မည့် တနိုင်ငံလုံးရှိ လူငယ်များ ငြိမ်းချိမ်းဖြစ်စဉ်အပေါ် ဆွေးနွေးသုံးသပ်ပွဲတွင် သွားရောက်တင်ပြ ဆွေးနွေးရန်အတွက် ယခုလို ကယားပြည်နယ်တွင် ဆွေးနွေးပွဲတရပ်ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးဆောင်ကျင်းပသည့် ကယားပြည်နယ်လူငယ်များအဖွဲ့ UKSY ကဆိုသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့ကြသည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြုလုပ်ခဲ့သည့် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးရလာဒ်အပေါ် အဓိကထားဆွေးနွေးသုံးသတ်ခဲ့ကြောင်း UKSY မှ အတွင်းရေးမှူး အဖွဲ့ဝင်တဦးဖြစ်သည့် ခွန်းအားတား ကပြောသည်။

“အဓိကကတော့ တကယ့် ငြိမ်းချမ်းရေးအနှစ်သာရကို ဘယ်သူက ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဆိုဖွင့်ဆို ကျနော်တို့လူငယ်တွေအနေနဲ့ အဲဒီ ကျနော်တို့ကိုယ်ပိုင်ဖွင့်ဆိုထားတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဘာတွေလုပ်ဖို့လိုမလဲဆိုတာကို လူတိုင်းအဲဒီ စဉ်းစားချက်တွေရလာအောင် အဓိကဇောင်းပေး ဆွေးနွေးတာပါ”ဟု ခွန်းအားတားက ပြောသည်။

အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ကွာခြားချက်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးသုံးသပ်ကာ လူငယ်များအနေနှင့် အားဖြည့် တိုက်တွန်းပေးနိုင်ရန်အတွက်လည်းဖြစ်ကြောင်း ဆိုသည်။

“ဒီငြိမ်းချမ်းရေးရဖို့အတွက် အဓိကအဟန့်အတားဖြစ်နေတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အသစ်ဖြစ်အောင်ပြင်ဖို့ ဒါမှမဟုတ်ရင် ရေးဆွဲဖို့ အဲဒီလုပ်ငန်းကို အကောင်ထည်ဖော်နိုင်ဖို့အတွက် ပင်လုံစိတ်ဓါတ်အခြေခံတဲ့ညီလာခံကြီးကျင်းပဖို့ အရေးတွေမှာ လူငယ်ထုတရပ်လုံး တက်တက်ကြွကြွ နဲ့ရှေ့တန်းကနေ ပါဝင်စေချင်တယ်.. ပါဝင်မှလည်းဖြစ်မယ်” ဟုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကပြောသည်။

ကယားပြည်နယ်ရှိလူငယ်များ က လေ့လာသုံးသပ်သည့် ဆွေးနွေးပွဲ တရပ်ကို မြန်မာနိုင်ငံ ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တလျောက်လုံးမှာ အစိုးရဖက်က ဆောင်ရွက်ချက်များ၊ ရှိသလို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၏ ပူတွဲ ဆောင်ရွက်ချက်များ လည်းရှိပါတယ်။ အဲဒီဆောင်ရွက်ချက်များတွင် လူငယ်များ၏အခန်းကဏ္ဍမှာလည်း အရေးပါ ပါသည်။

“ကယားပြည်နယ်နှင့် ကယန်းဒေသ လူငယ်များငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆွေးနွေးသုံးသပ်ပွဲ” အမည်ဖြင့် လွိုင်ကော်မြို့ နာနတ်တော ရပ်ကွက် ကက်သလစ်ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ ပြည်နယ် ၀န်ကြီးအချို့၊ လူငယ်အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံရေးပါတီအသီးသီးမှ လူငယ်များ၊ ပရဟိတ အသင်းများမှ လူငယ်များတက်ရောက်ခဲ့ကြသည်။

No comments: