ABC
တောင်အာဖရိက နိုင်ငံရဲ့ ပထမဦးဆုံးသော လူမည်းသမ္မတ နယ်လ်ဆင် မန်ဒဲလားဟာ အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။
တောင်အာဖရိက နိုင်ငံ ခေါင်းဆောင် ဟောင်း နယ်လ်ဆင် မန်ဒဲလားဟာ ၂၀ ရာစုအတွင်း အထင်ရှားဆုံး နိုင်ငံရေးသမားနဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုရဲ့ အထင်ရှား ပုဂ္ဂိုလ် တစ်ဦးဖြစ်ပါတယ်။
နယ်လ်ဆင်မန်ဒဲလား ငြိမ်းချမ်းစွာ ကွယ်လွန်ပြီ ဆိုတဲ့အကြောင်းကို တောင်အာဖရိက သမ္မတ Jacob Zuma က ဒီမနက်မှာပဲ ရုပ်မြင်သံကြားက တဆင့် ကြေညာခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံအနေနဲ့ သူ့ရဲ့ အရေးကြီးဆုံးသော သားကောင်းရတနာ တစ်ဦး ဆုံးရှုံးလိုက်ရပြီး ပြည်သူတွေအနေနဲ့ ဖခင်ကောင်းတစ်ဦး ဆုံးရှုံးရသလို ဖြစ်တယ်လို့ ပြောပါတယ်။
နာမကျန်းဖြစ်နေတဲ့ နယ်လ်ဆင်မန်ဒဲလားဟာ တနေ့နေ့မှာ သေဆုံးမယ်ဆိုတာ ကြိုတင်သိကြပေမယ့် အဲဒီနေ့ရောက်လာတဲ့အခါ ကျနော်တို့ရဲ့ ဆုံးရှုံးမှုကို ယူကြုံးမရ ခံစားရတုန်းပဲလို့လည်း တောင်အာဖရိက သမ္မတက ပြောပါတယ်။
တဆက်တည်းမှာပဲ ဝမ်းနည်းကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတော်အလံကို တစ်ဝက်သာ လွှင့်ထူကြဖို့လည်း ညွန်ကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံ သမ္မတ ဘားရက် အိုဘားမားကလည်း ဝမ်းနည်းကြောင်းပြောဆိုခဲ့သလို နယ်လ်ဆင်မန်ဒဲလားဟာ သတ္တိရှိသူနဲ့ အင်မတန်ကောင်းမွန်သူ ဖြစ်ပြီး သမိုင်းကို သူ့ရဲ့ လက်ထဲရောက်ရှိလာအောင် လုပ်ဆောင်နိုင်သူလို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ကလည်း အလင်းတန်းကြီးတစ်ခု ကွယ်ပျောက်သွားသလို ခံစားရကြောင်း ပြောပါတယ်။
သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် တိုနီအာဘော့တ်ကလည်း နယ်လ်ဆင်မန်ဒဲလားဟာ အာဂ ပုဂ္ဂိုလ်ဖြစ်ပြီး အခက်အခဲတွေကြားက သူရဲကောင်းဖြစ်လာသူ ဖြစ်တယ်လို့ ပြောပါတယ်။
နယ်လ်ဆင်မန်ဒဲလားဟာ အသားအရောင်ခွဲခြားခံရမှုအပေါ် တွန်းလှန်တဲ့ တော်လှန်ရေးသမားဖြစ်ပြီး သူ့ရဲ့ ခံယူချက်ကြောင့်လည်း နှစ်ပေါင်း ၂၇ နှစ်ကြာ ထောင်ကျခံခဲ့ရပါတယ်။
ထောင်တွင်းမှာပဲ အဆုတ်ရောဂါ စွဲကပ်ခံရပြီး အသက်ကြီးလာတဲ့အခါမှာ အဲဒီအဆုတ်ရောဂါကြောင့်ပဲ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
သူ့ရဲ့ ပေးဆပ်မှုတွေအပေါ် ပြည်သူတွေ အသိအမှတ်ပြု ချစ်ခင်ကြပြီး သူ့ကို Madiba ဒါမှမဟုတ် Tata လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ Tata ကတော့ အဖေ လို့ အဓိပ္ပာယ်ရပြီး Madiba ကတော့ နယ်လ်ဆင်မန်ဒဲလားရဲ့ မျိုးနွယ်စု နာမည်ဖြစ်ပါတယ်။
အသားအရောင် ခွဲခြားခံရမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ နယ်လ်ဆင် မန်ဒဲလားဟာ ၁၉၉၄ ခုနှစ်မှာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဦးဆုံးသော လူမည်း သမ္မတ ဖြစ်လာခဲ့ပါတယ်။
နယ်လ်ဆင် မန်ဒဲလားရဲ့ ဘဝဖြစ်စဉ်တွေကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။
ဇူလိုင်လ ၁၈ ရက် ၁၉၁၈
တောင်အာဖရိကနိုင်ငံ အရှေ့တောင်ပိုင်း Mvezo ရွာမှာ Nelson Rolihlahla Mandela ဆိုသူအဖြစ် Thembu တော်ဝင်မိသားစုကနေ မွေးဖွားလာခဲ့ပါတယ်။
၁၉၄၀
ကျောင်းသားသပိတ်မှာ ဝင်ရောက်ပါဝင်ခဲ့တဲ့အတွက် Fort Hare တက္ကသိုလ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
၁၉၄၁
Johannesburg မြိုကကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ရဲအဖြစ် အမှုထမ်းဆောင်ခဲ့ပါတယ်။
၁၉၄၃
ANC လို့ခေါ်တဲ့ အာဖရိက အမျိုးသားကွန်ဂရက် ပါတီဝင် ဖြစ်ခဲ့ပါတယ်။
၁၉၄၄
သူနာပြုဖြစ်ဖို့ ကြိုးစားနေတဲ့ Marries Evelyn Mase ကို လက်ထပ်ခဲ့ပါတယ်။
၁၉၅၂
အသားအရောင် ခွဲခြားခံရတဲ့ တောင်အာဖရိကနိုင်ငံမှာ Oliver Tambo နဲ့အတူ ပထမဆုံးသော လူမည်းတွေရဲ့ ရှေ့နေရုံးကို ဖွင့်လှစ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၅ ရက် ၁၉၅၆
နိုင်ငံတော်ကို သစ္စာဖောက်မှုနဲ့ တရားစွဲဆိုခံရပြီး နိုင်ငံရေး လှုပ်ရှားသူ ၁၅၆ ယောက်နဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။
၁၉၅၈
Mase နဲ့ ၁၉၅၄ ခုနှစ်မှာ ကွာရှင်းပြတ်စဲပြီးနောက် လူမှုရေးလုပ်ငန်း လုပ်ကိုင်သူ Nomzamo Zaniewe Winifred "Winnie" Madikizela နဲ့ ဒုတိယအကြိမ် လက်ထပ်လိုက်ပါတယ်။
မတ်လ ၂၁ ရက် ၁၉၆၀
တောင်အာဖရိက အစိုးရက Sharpeville မှာ ဆန္ဒနေတဲ့ လူ ၆၇ ဦးကို လုံထိန်းရဲတွေ ပစ်သတ်လိုက်ပြီး ANC ပါတီ နဲ့ Pan African Congress ပါတီကို မတရားအသင်း ကြေညာလိုက်ပြီး နိုင်ငံတွင်း အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
၁၉၆၁
နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲခံရာကနေ မန်ဒဲလားနဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေကို အပြစ်မရှိကြောင်း တရားသေဆုံးဖြတ်ပေး ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၆ ရက် ၁၉၆၁ ခုနှစ်
ANC ပါတီရဲ့ စစ်တပ်ကို ဖွဲပစည်းလိုက်ပြီး အဲဒီ စစ်တပ်ကို နိုင်ငံရဲ့ လှံတံတပ် ဒါမှမဟုတ် Umkhonto we Sizwe လို့ နာမည်ပေးလိုက်ပြီး နယ်လ်ဆင်မန်ဒဲလားက အဲဒီစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ဖြစ်လာပါတယ်။
သြဂုတ်လ ၅ ရက် ၁၉၆၂
ဖမ်းဆီးခံရပြီး ထောင် ၅ နှစ် ကျခံခဲ့ရပါတယ်။
၁၉၆၄
ဒီမိုကရေစီအတွက် ကျနော်သေဖို့ အဆင်သင့်ပဲ ဆိုတဲ့ မိန့်ခွန်းကို ဟောပြောပြီးနောက် Robben ကျွန်း ထောင်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရပါတယ်။
၁၉၉၀
ထောင်ကနေ လွှတ်မြောက်လာခဲ့ပါတယ်။
ဇူလိုင် ၅ ရက် ၁၉၉၁
ANC ပါတီရဲ့ ဥက္ကဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
၁၉၉၂
ဒုတိယ ဇနီးဖြစ်သူ Winnie နဲ့ အိမ်ထောင်ကွဲလိုက်ပါတယ်။
အောက်တိုဘာလ ၁၅ ရက် ၁၉၉၃
De Klerk နဲ့အတူ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခံခဲ့ရပါတယ်။
ဧပြီလ ၂၇ ရက် ၁၉၉၃
လူမည်းတစ်ဦး အနေနဲ့ လူမျိုးပေါင်းစုံ ပါဝင်တဲ့ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခွင့် ရခဲ့ပါတယ်။
မေလ ၁၀ ရက် ၁၉၉၄
တောင်အာဖရိကတိုက်ရဲ့ ပထမဦးဆုံးသော လူမည်း သမ္မတ ဖြစ်လာခဲ့ပါတယ်။
ဇူလိုင်လ ၁၈ ရက် ၁၉၉၈
ကွယ်လွန်သူ မိုဇန်ဘီ သမ္မတရဲ့ ဇနီးဖြစ်သူ Marries Graca Machel ကို တတိယဇနီးအဖြစ် လက်ထပ်လိုက်ပါတယ်။
၁၉၉၉
သမ္မတ သက်တမ်း တကြိမ်အပြီး ရာထူးကနေ ဆင်းပေးခဲ့ပါတယ်။
ဇွန်လ ၁ ရက် ၂၀၀၄
နိုင်ငံရေးလောကမှာ အနားယူကြောင်း ကြေညာခဲ့ပါတယ်။
ဇန်န၀ါရီလ ၆ ရက် ၂၀၀၅
သားဖြစ်သူ Makgatho အေအိုင်ဒီအက်စ် ရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ဧပြီလ ၁၉ ရက် ၂၀၀၉
ရွေးကောက်ပွဲမတိုင်ခင် ANC ပါတီအတွက် လူထုတွေကို ကြိုတင်အသံသွင်းထားတဲ့ နိုင်ငံရေး မိန့်ခွန်းကို နောက်ဆုံးပြောကြားခဲ့ပါတယ်။
ဇွန်လိုင်လ ၁၁ ရက် ၂၀၁၀
တောင် အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲရဲ့ ပိတ်ပွဲအခမ်းအနားမှာ ပြန်လည်တွေ့ မြင်ခဲ့ရပါတယ်။
ဇန်န၀ါရီလ ၂၈ ရက် ၂၀၁၁
အသက်ရှုလမ်းကြောင်း ပြဿနာနဲ့ ပတ်သက်ပြီး ၂ ရက်ကြား ဆေးကုသခံခဲ့ရာကနေ ဆေးရုံက ပြန်ဆင်းလာခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၂၅ ၂၀၁၂
နာတာရည် ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ ရောဂါကြောင့် ဆေးရုံးပြန်လည်တင်လိုက်ရပါတယ်။
မေလ ၃၀ ရက် ၂၀၁၂
ANC ပါတီ ရာပြည့်ပွဲမှာ တကြိမ် ရုပ်မြင်သံကြားပေါ် ပါလာခဲ့ပါတယ်။
ဒီဇင်ဘာလ ၈ ရက် ၂၀၁၂
Pretoria ဆေးရုံမှာ အသဲရောဂါနဲ့ သဲခြေပြဿနာကြောင့် ဆေးရုံတင်ခဲ့ရပြီး ဆေးရုံမှာ ၁၈ ရက် ကြာ နေခဲ့ရပါတယ်။
ဇန်နာဝါရီလ ၆ ရက် ၂၀၁၃
Johannesburg မြို့ရှိ နေအိမ်မှာ ဆေးကုသမှု ဆက်လက်ခံနေရပေမယ့် နယ်လ်ဆင်မန်ဒဲလား သက်သာလာပြီလို့ ဆရာဝန်တွေက ပြောပါတယ်။
မတ်လ ၉ ရက် ၂၀၁၃
Pretoria ဆေးရုံမှာ ဆေးစစ်ခံယူပြီး နောက်တစ်ရက်မှာ ဆေးရုံက ဆင်းခဲ့ပါတယ်။
မတ်လ ၂၇ ရက် ၂၀၁၃
အသဲရောဂါ ဆိုးဝါးလာတဲ့အတွက် ဆေးရုံပြန်တက်ရပြီး ရက်အနည်းငယ်အတွင်း ဆေးရုံ ဆင်းခွင့်ရခဲ့ပါတယ်။
ဂျွန်လ ၈ ရက် ၂၀၁၃
အသက် ၉၄ နှစ်အရွယ် မန်ဒဲလားဟာ အသဲရောဂါကြောင့် နောက်တစ်ကြိမ် ဆေးရုံတက်ခဲ့ရပြီး ရောဂါအခြေအနေ ဆိုးဝါးပေမယ့် တည်ငြိမ်တဲ့ အနေအထားရှိတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ဇူလိုင်လ ၁၈ ရက် ၂၀၁၃
အသက် ၉၅ နှစ်ပြည့် မွေးနေ့ပွဲကို ဆေးရုံမှာ ကျင်းပခဲ့ပြီး တောင်အာဖရိကနိုင်ငံ အစိုးရက မန်ဒဲလားရဲ့ ကျန်းမာရေး တိုးတက်လာပြီလို့ ပြောပါတယ်။
ဒီဇင်ဘာလ ၆ ရက် ၂၀၁၃
Johannesburg မြို့ နေအိမ်အတွင်း မိသားစုတွေရဲ့ ရှေ့မှောက်မှာပဲ ကွန်လွန်သွားခဲ့ပါတယ်။

No comments:
Post a Comment