Wednesday, December 4, 2013

မန်းတွင် ယာဉ်ရပ်နားကန့်သတ်နယ်မြေအတွင်း ယာဉ်နှစ်ထပ်ရပ်ပါက ကရိန်းကားဖြင့် မ,ရွှေ့မည်

ဖြိုး

မန္တလေး စည်ပင်နယ်နိမိတ် ယာဉ်ရပ်နားကန့်သတ်နယ်မြေများပေါ်တွင် ယာဉ် နှစ်ထပ်ရပ်နားပါက ဒီဇင်ဘာ ၉ ရက်မှ စတင်၍ ယာဉ်သယ်ကရိန်းယာဉ်ဖြင့် ဆွဲယူကာ အရေးယူမှုများ ဆောင်ရွက်သွား မည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ ဌာနခွဲ မှူး ဦးမောင်မောင်မြင့်က ပြောသည်။

“ယာဉ်နှစ်ထပ်မရပ်ရဘူး၊ ရပ်တာနဲ့ Tow Truck ဆွဲမှာပဲ၊ ကားရော၊ ဆိုင်ကယ်ရော ယာဉ်နှစ်ထပ်ရပ်ရင် ဆွဲမှာပဲ၊ ဆိုင်ရှေ့မှာရပ်ရင်လည်း ဆိုင်ကိုလုပ်ငန်းလိုင်စင်အရ အရေးယူမယ်””ဟု ဦးမောင်မောင် မြင့်က ပြောသည်။

ယာဉ်နှစ်ထပ်ရပ်နားသည့် ယာဉ်များကို ယာဉ်သယ်ကရိန်းဖြင့် ရပ်နားသည့်နေရာမှ မန္တလေးမြို့၏ အဝေး ဆုံး ကားကွင်းများထိ ဆွဲယူကာ ယာဉ်ပိုင်ရှင်ကို ပြန်လည်ရွေးယူစေမည့်စနစ်ဖြင့် ဒဏ်ရိုက်သွားမည်ဟု ပြောသည်။

မန္တလေးမြို့တွင် ယာဉ်ကြောပိတ်ဆို့ မှုများ မရှိစေရေးအတွက် လမ်း ၈၀ (၂၇လမ်းနှင့် ၃၃လမ်းကြား)၊ ၈၂လမ်း (၂၆လမ်းနှင့် လမ်း ၃၀ကြား)၊ ၈၃လမ်း (၂၆လမ်းနှင့် လမ်း၃၀ကြား)၊ ၂၆လမ်း (လမ်း၈၀နှင့် ၈၄လမ်းကြား)၊ လမ်း ၃၀ (၇၄လမ်းနှင့် ၇၈လမ်းကြား)၊ ၃၅လမ်း (လမ်း ၈၀နှင့် ၈၄ လမ်းကြား) တို့ပေါ် တွင် ယာဉ်ရပ်နားကန့်သတ်ဧရိယာ ခြောက်ခုအဖြစ် သတ်မှတ်ထားသည်။

ယင်းဧရိယာများ၌ စည်ပင်သန့်ရှင်း ရေးဌာနမှ လုပ်ငန်းလိုင်စင်ရယူထားသည့် ဆိုင်များရှေ့တွင် ဆိုင် ကယ်၊ ကားများ စည်းကမ်းမဲ့ အချိန်ကြာမြင့်စွာရပ်နား ပါက နာရီနှင့်တွက်၍ တစ်နာရီလျှင် ဆိုင်ကယ် ၅၀ ကျပ်၊ ကား ၁၀၀ ကျပ်နှုန်း ဖြင့် ယာဉ်ရပ်နားခများကို ကောက်ခံသွား မည်ဟုလည်း ဦးမောင်မောင်မြင့်က ပြောသည်။

ယခုနှစ်ဇွန်လမှ စတင်ကာ မန်္တလေး ဈေးချိုအနီးနှင့် ၇၈ လမ်းမပေါ်တွင် အချိန်ကြာမြင့်စွာ ယာဉ်ရပ်နား ခြင်းနှင့် ယာဉ်ကြောပိတ်ဆို့စေမည့် နှစ်ထပ်ရပ် နားသည့် မော်တော်ယာဉ်များကို ယာဉ် သယ်ကရိန်း ယာဉ်ဖြင့် ဆွဲကာ အရေးယူခဲ့ပြီး၊ ယာဉ်ဆွဲခ ငါးသောင်းကျပ်နှင့် စည်ပင် တရားရုံးမှ ချမှတ်သည့် ဒဏ်ငွေများကို ပေးဆောင်ရန် သတ်မှတ်ထားသည်။

No comments: