Friday, December 6, 2013

ဌာနေဟောင်းတွင် ပြန်လည်အခြေချလိုသူများ ခွင့်ပြုချက်စောင့်ဆိုင်းနေ

ဖြိုးဝေအောင်

ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့နယ်အတွင်းက အတင်းအဓမ္မရွှေ့ပြောင်းခြင်းခံခဲ့ရသည့် ကျေးရွာများ လက်ရှိ ငြိမ်းချမ်းရေးကြိုးပမ်းစဉ်ကာလအတောအတွင်း ဌာနေဟောင်းသို့ ပြန်လှည်အခြေချနေထိုင်လို၍ သက်ဆိုင်ရာ အာဏာပိုင်များထံမှ တရားဝင်ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းလျက်ရှိသည်ဟု ဒေသခံရွာသားများကဆိုသည်။

ဌာနေဟောင်းသို့ပြန်လှည်အခြေချလုပ်ကိုင်စားသောက်နိုင်ရန် ဒေသခံရွာသားများမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြည်နယ်ဆက်ဆံရေးရုံးနှင့် သက်ဆိုင်ရာဌာနအသီးသီးတွင် ပြီးခဲ့သည့် (၂ရက်နေ့ ၇လပိုင်း ၂၀၁၃ ခုနှစ်) ခွင့်ပြုချက်တောင်းခံလွာ ပေးပို့ထားပြီးဖြစ်သည်။

အတင်းအဓမ္မပြောင်းရွှေ့ နေထိုင်ခိုင်းသည့်နေရာတွင် လုပ်ကိုင်စားသောက်နိုင်ရန် ကိုယ်ပိုင်လယ်ယာခြံမြေကွက်များ မရှိသည့်အတွက် ခြံမြေများရှိသည့် ရွာဟောင်းသို့ အသက်မွေးလိုကြောင်း ထီးသူးကူးရွာသား ဦးသိုးရယ်က ပြောသည်။

“ရွာဟောင်းမှာနေတော့ ကိုယ့်ပိုင် ယာတွေရှိတယ်။ အပင်တွေစိုက်ဖို့ တောင်ယာတွေပေါ့။ မြေယာပေါ့ ရှိတယ်လေ။ ကိုယ်လုပ်နိုင်သလောက် (၅) ဧက (၁၀)ဧက ကိုယ်လုပ်နိုင်လို့ရှိရင်လည်း ရတာပေါ့နော်။အဲဒါကြောင့် ကျနော်တို့ စားဝတ်နေရေးအတွက် ဖူလုံတယ်။”

စစ်အစိုးရနှင့် KNPP အကြား နိုင်ငံရေး၊ စစ်ရေး ပဋ္ဋိပက္ခကြောင့် လောပိတကျေးရွာအုပ်စုရှိ ပျားကနဲ၊ ဒေါဆိုရှေ့နှင့် ထီးသူးကူးကျေးရွာတို့သည် စစ်တပ်မှ တချက်လွတ်နှုတ်မိန့်ဖြင့် ပြီးခဲ့သည့် ၁၉၉၀ ခုနှစ်က အတင်းအဓ္ဓပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်ဟု ထီးသူးကူးရွာ ဥက္ကဌ ဦးမီရယ်ကပြောသည်။

“၁၉၉၀ ခုနှစ်မှာ (၇၂) တပ်ရင်းက နှုတ်မိန့်ဖြင့် လာပြောပြီးတော့ ပြောင်းခိုင်ပါတယ်။ (၇) ရက်နဲ့ အပြီးပေါ့။ (၇) ရက်အပြီး နောက်လှည့်မကြည့်ရ ဆိုပြီးတော့ ပြောင်းဖို့ အိမ်ဖြုတ်၊ အိမ်ဖြုတ်ပြီးတော့ ဒီပတ်ဝန်းကျင် ဆွေမျိုးတွေ၊ ဘေး ရွာတွေခေါ်ပြီးတော့ လာလုပ်ခိုင်းကူခိုင်းခါကျတော့ ဒီ (၇၂) တပ်က လူတွေကျတော့ မလာရ၊ မလုပ်ရ၊မ၀င်ရ အပြင်လူမ၀င်ရ ဆိုပြီးတော့ တားထားတယ်။ တစ်ချို့တွေက ရိုက်တယ်ပုတ်တယ်အဲလိုမျိုး၊ တချို့လည်း ဖမ်းထားတယ်၊ ချုပ်ထားတယ်”


ထီးသူးကူးရွာနှင့် ပျားကနဲကျေးရွာကို ယခု၎င်းတို့ နေထိုင်နေလျက်ရှိသော နွားလ၀ိုးကျေးရွာအုပ်စုတွင် ပြောင်းရွေ့နေ ထိုင်ခိုင်းပြီး ဒေါဆိုရှေ့ ကျေးရွာကိုတော့ (၆) မိုင်စံပြတွင် ပြောင်းရွေ့နေထိုင်ခိုင်းခြင်းဖြစ်သည်။

လောပိတအမှတ်(၁)ရေအားလျပ်စက်ရုံကို KNPP မှ တပ်များဝင်ရောက် ဖြိုခွဲဖျက်စီးမှုမပြုလုပ်နိုင်ရန် အဆိုပါကျေးရွာများအား စက်ရုံအနီးအနားတ၀ိုက်မှ ရွှေ့ပြောင်းခိုင်းခြင်းဖြစ်သည်ဟု ပျားကနဲ ကျေးရွာ ဥက္ကဋ္ဌ ဦးဖဲကီက ယခုလိုရှင်းပြသည်။

“ကျနော်တို့ရွာက စက်ရုံနဲ့ သိပ်မလားမဝေးပေါ့။ စက်ရုံမပျက်စီးရအောင်ဆိုပြီး ပြောင်းခိုင်းတာ။ သူတို့(KNPP တပ်)က ခဏခဏ လာပစ်တယ်။ နှစ်ခါလား လာပစ်တယ်။ ဒါကြောင့်မလို့ နောက်ထပ်လာလို့ရှိရင် အစိုးရက ပြန်ခုခံမှာကော၊ ကျနော်တို့မထိခိုက်အောင် ဘေးခဏဖယ်ပြီး နောက်မှ အေးဆေးလာလို့ရှိရင် ကျနော်တို့ ရွာပြန်ခိုင်းဖို့ ပြောင်းခိုင်းတယ်။”

အတင်းအဓ္ဓမရွှေ့ပြောင်းမှုဖြင့် လက်ရှိနေထိုင်နေရသည့်နေရာတွင် လုပ်ကိုင်စားသောက်ရန် မြေယာခြံမရှိသည့်အတွက် အလုပ်လုပ်နိုင်သူ လူလပ်ပိုင်းများသည် ရပ်ရွာကိုထွက်ခွာ၍ တခြားဒေသဘက်တွင် အာမခံချက်မရှိသည့် ကျပမ်းအလုပ်တွေကိုသာ ရှာဖွေလုပ်ကိုင်နေကြရသည်။

ရွာဟောင်းသို့ပြန်လှည်နေထိုင်ခွင့်ရပါက ဘိုးဘွားခေတ်လက်ထက်က ပိုင်ဆိုင်လာခဲ့သည့်မြေယာများ ကိုယ်လုပ်နိုင်သလောက် ခံစားခွင့်ရကြမှာဖြစ်သည်ဟု ဆိုကြသည်။

No comments: