Friday, December 6, 2013

အစိုးရတပ်နှင့် TNLA တို့ လွယ်လင်တွင် တိုက်ပွဲပြန်ဖြစ်

နန်းလွင်နှင်းပွင့်

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် အစိုးရတပ်မတော်တို့အကြား ဒီဇင်ဘာလ ၄ ရက် နံနက် ၃ နာရီခန့်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများဖြစ်နေသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်သည်ဟု TNLA ဒု- ဥက္ကဋ္ဌ တားဂျုတ်ဂျာက ဒီဇင်ဘာလ ၅ ရက်တွင် မဇ္ဈိမသို့ ပြောဆိုလိုက်သည်။

“ဒီဇင်ဘာ ၄ ရက် မနက်အစောကြီးတည်းက ပြန်ပြီး ပစ်ကြတာ၊ ဘယ်လိုစဖြစ်တယ်ဆိုတာကတော့ မပြော တတ်တော့ဘူး၊ ဖြစ်တာက ကျွန်တော့်နယ်မြေထဲမှာ ဖြစ်တာပဲ၊ ဒီမနက်အထိ ပစ်နေသေးတယ်”ဟု ပြော သည်။

ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် လွယ်လင်ဒေသသည် ရွာဒေသခံများမရှိဘဲ လွန်ခဲ့သည့် လေးလခန့်ကတည်း ကပင် တိုက်ပွဲအခြေအနေတင်းမာမှုများ၊ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သဖြင့် ရွှေ့ပြောင်းသွားကြခြင်းဖြစ်ပြီး TNLA တပ်မဟာ (၁)၊ တပ်ရင်း (၁၀၁) နှင့် (၁၁၂) တို့ ချထားရာ နယ်မြေများဖြစ်သည်ဟု တားဂျုတ်ဂျာက အတည်ပြု ပြောဆိုထားသည်။

TNLA မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအရ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမပြုလုပ်ရသေး သော်လည်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်မှ ၈ ရက်အထိ ဆွေးနွေးထားမှုများအရ တအာင်းနယ်မြေ ၀န်း ကျင်အတွင်း တိုက်စစ်ဆင်ခြင်းများ ရပ်တန့်ရန်၊ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေးသို့ ဦးတည်ဆောင်ရွက်ရန်၊ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးတို့ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ သို့သွားရန် PSLF (Palaung State Liberation Front /Organi-zation) ဗဟိုကော်မတီ အစည်းအဝေး တွင် ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားမှုနှင့်ပတ်သက်၍ တားဂျုတ်ဂျာက “ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးအတွက် အစည်းအ ဝေးတွေလုပ်၊ ဘာလုပ်နဲ့ ငြိမ်းချမ်းရေးသွားဖို့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ပါဝင်ဖို့ ကြိုးစားနေတာပဲ ဘာ ကြောင့် ဒီလိုတိုက်ပွဲတွေ ပြန်ဖြစ်လဲတော့ မပြောတတ်တော့ဘူး”ဟု ပြောသည်။

တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုများနှင့် ပတ်သက်၍ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ နည်း ပညာအထောက်အကူပြုအဖွဲ့ဝင် ကိုမင်းဇော်ဦးက “တိုက်ပွဲတွေကို ကြားတယ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေ ချိန်ဆိုပေမယ့် ဒီလိုတွေက ဖြစ်တတ်ပါတယ်၊ အဲ့လိုဖြစ်တာတွေကိုကြည့်ပြီး အပစ်အခတ်ရပ်စဲရေးကိုမြန်မြန် လုပ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်၊ ပိုနီးစပ်လာမယ်ထင်ပါတယ်”ဟု သုံးသပ်ပြောဆိုသည်။

TNLA မှာ အစိုးရသစ်တတ်လာပြီးသည့်နောက်ပိုင်းတွင် သမ္မတမှ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရန် ဖိတ်ခေါ်ရာတွင် သဘောတူညီမှုရယူရန် ကြိုးစားနေသည့်ထဲတွင် ပါဝင်သော အဖွဲ့ အစည်းတစ်ခုလည်း ဖြစ်သည်။ TNLA တပ်ဖွဲ့များနှင့် အစိုးရတပ်မတော်တို့သည် ၂၀၁၃ ခုနှစ်အတွင်း ဇူလိုင်လပထမပတ်တွင်လည်း တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သေးသည်။

No comments: