မင်းမင်း
လက်ပံတောင်းဒေသ ကြေးနီစီမံကိန်းများအတွက် အသုံးပြုသော မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီပိုင် မိုး ကြိုး ဆာလ်ဖျူရစ် အက်ဆစ်စက်ရုံအနီးရှိ ကံကုန်းရွာတွင် ၁၁ လအတွင်း လူ ၃၁ ယောက် သေဆုံးမှုမှာ ယင်းစက်ရုံကြောင့်ဖြစ်သည်ဟု ဒေသခံများက ယူဆနေသောကြောင့် ယင်းရွာတွင် ကျန်းမာရေးစစ်တမ်း ကောက်ယူမည်ဖြစ်သည်ဟု စိမ်းလန်းအမိမြေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမျိုး သူက ဒီဇင်ဘာ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဆာလင်းကြီးမြို့နယ်အတွင်းရှိ ကံကုန်းရွာသည် အက်ဆစ်စက်ရုံနှင့် ကိုက် ၂၀၀ ခန့်သာဝေးပြီး ယခုနှစ်အစမှ နိုဝင်ဘာလအထိ လူပေါင်း ၃၁ ယောက် သေဆုံးခဲ့သောကြောင့် ဆေးပညာရှင်များနှင့် ပူးပေါင်းပြီး လာမည့်နှစ်ဆန်းပိုင်းတွင် ကျန်းမာရေးစစ်တမ်း ကောက်ယူမည်ဖြစ်သည်။
ကံကုန်းရွာသားများ သေဆုံးနေမှုကို အက်ဆစ်စက်ရုံကြောင့်ဖြစ်သည်ဟု ဒေသခံများက ယူဆနေသည့်အတွက် အက်ဆစ်စက်ရုံနှင့် ဆက်စပ်မှုမရှိသည့် အခြားကျေးရွာအချို့ရှိ ဒေသခံများ၏ ကျန်းမာရေး အ ခြေအနေနှင့်ပါ နှိုင်းယှဉ် လေ့လာမည်ဟုလည်း ၎င်းက ပြောသည်။
“ရွာသားတွေပြောတဲ့ အချက်အလက်က မှားရင်လည်း မှားနိုင်တာပေါ့။ ဒါကြောင့် ဆရာဝန်တွေနဲ့ ကျန်း မာရေးစစ်တမ်းကောက်ဖို့ပါ။ ဒီလိုဆိုရင် ကုမ္ပဏီအတွက်၊ စီမံကိန်းအတွက် ပိုကောင်းလာမှာပါ။ ဘာလုပ် ရမယ်ဆိုတာ သူတို့ သိသွားတာပေါ့”ဟု ဦးဝင်းမျိုးသူက ပြောသည်။
ယင်းရွာတွင် ၁၁ လအတွင်း ၃၁ ယောက် သေဆုံးခဲ့သည့်အတွက် တစ်လလျှင် သုံးယောက်ခန့် သေဆုံးနေသည့် သဘော သက်ရောက်နေသည်။
သေဆုံးသူစာရင်းကို ကံကုန်းရွာတွင် ဖွဲ့စည်းထားသည့် လူမှုကူညီရေးအသင်းက စာရင်းပြုစုထားပြီး ယမန်နှစ်အတွင်းကလည်း ၂၉ ဦး သေဆုံးခဲ့သည်။
ထိုစက်ရုံကို ပြောင်းရွှေ့ပေးရန် ဒေသခံများက ယခုနှစ်အတွင်း လေးကြိမ်အထိ ဆန္ဒပြ တောင်းဆိုခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးပေ။
အက်ဆစ်စက်ရုံကြောင့်ဟု ဒေသခံများယူဆနေသည့် အဆုတ်၊လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် သေဆုံးသူများမှာ သေဆုံးသူအားလုံး၏ ၁၆ ရာခိုင်နှုန်းထိ ရှိနေသည်ဟု ဒေသခံများ၏ သေဆုံးမှုစာရင်းကို ကိုးကားပြီး ဦးဝင်းမျိုးသူက သူ၏လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်တွင် ရေး သားသည်။
ကံကုန်းရွာသားဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဦးအောင်စိုးက “သေတာကတော့ အရင်ထက်များလာ တယ်ဗျ။ ဘာကြောင့်ဆိုတာတော့ ကျွန်တော်တို့က တပ်အပ် မပြောနိုင်ဘူးလေ။ ဒါပေမဲ့ တစ်ခါတစ်ခါ (စက်ရုံက) ဘဲဥပုပ်နံ့ထွက်တယ်”ဟု မဇ္ဈိမကို ပြောသည်။
အောက်တိုဘာလကုန်ပိုင်းအတွင်း အဆိုပါစက်ရုံမှ စွန့်ထုတ်အရည်များကြောင့် စက်ရုံအနီးရှိ ဒေသခံများ စိုက်ထားသည့် နေကြာခင်းနှင့် နှမ်းခင်းများမှာ ဆက်လက် ကြီးထွားလာမှု မရှိတော့ကြောင်းလည်း ဦး အောင်စိုးက ဆိုသည်။
ထို့ကြောင့် ယင်းဒေသတွင်စစ်တမ်းကောက်ယူရန် “ပြည်သူ့မျက်နှာရှေ့ထား၊ အကျိုးသယ်ပိုးလိုတဲ့ ဆေးပညာရှင်များကို ဖိတ်ခေါ်လိုပါတယ်”ဟုလည်း ဦးဝင်းမျိုးသူက သူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသား ထားသေးသည်။
အက်စစ်စက်ရုံသည် စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြေးနီသန့်စင်ထုတ်လုပ်ရာ၌ အသုံးပြုနိုင်ရန် မြန်မာ့စီးပွားရေး ဦး ပိုင်ကုမ္ပဏီလီမီတက်မှ တည်ဆောက်ထားခြင်းဖြစ်သည်။
စက်ရုံခေါင်းတိုင်သည် မြေပြင်မှ ၁၃၁ ပေမြင့်ပြီး စွန့်ထုတ်သော အငွေ့တွင် ဆာလ်ဖာဒိုင်အောက်ဆိုဒ် SO2 ပါဝင်မှုကို ၁၅၀ စာ (per million)ထက် မများစေရန် သတ်မှတ်ထိန်းချုပ် စွန့်ထုတ်ခဲ့သော်လည်း ၂၄ နာရီ စဉ်ဆက်မပြတ် လည်ပတ်ရသည့်အတွက် အန္တရာယ်ရှိသည့် ဓာတုဗေဒပစ္စည်းစက်ရုံအဖြစ် နိုင် ငံတကာက သတ်မှတ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက်လုပ်ဆောင်ရန် သင့်မသင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ အပိုဒ် ၄၇ တွင် ဖော်ပြထားသည်။
စက်ရုံကို ၂၀၀၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဧပြီလတွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။
ကြေးနီမိုင်းလုပ်ငန်းအတွက် လိုအပ်သည့် ဆာလ်ဖျူးရစ်အက်စစ် ၉၈ ရာခိုင်နှုန်းနှင့် ညီမျှသည့် အက်စစ်တန်ချိန် ၅၀ ခန့်ကို ထုတ်လုပ်ပေးလျက်ရှိသည်။
No comments:
Post a Comment