အောင်ကိုဦး
မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်က မန္တလေးတိုင်းအတွင်းရှိ နိုင်ငံရေးပါတီများနှင့် ဒီဇင်ဘာ ၈ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် လက်ရှိအခြေအနေတွင် နိုင်ငံ ရေးပါတီများနှင့် တွေ့ဆုံမှုတွင် လူထုနှင့် ထိတွေ့ဆက်ဆံမှု အများဆုံးဖြစ်သည့် ပါတီများ၏ တင်ပြလာ မှုများသာ ပြည်သူ့အသံ အမှန်အဖြစ် ခံယူထားသည်ဟု ပြောသည်။
အခမ်းအနားသို့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တ.စ.ည ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ တိုင်း လိုင်(ရှမ်းနီ)ပါတီ၊ ၀ံသာနု ဒီမိုကရက်တစ်ပါတီ၊ ၈၈ ကျောင်းသားလူငယ်များပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့ တက်ရောက်ကြသည်။
မန္တလေးတိုင်း ၀န်ကြီးချုပ်ဦးရဲမြင့်က မန္တလေးတိုင်း၌ အလှုပ်ခတ်ဆုံးသောအရာမှာ လယ်ယာမြေကိစ္စများသာဖြစ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ မြေယာစုံစမ်းရေးကော်မတီမှ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေအမှု ၅၄ မှု တင်ပြထားပြီး တပ်မတော်မှုက ၄၆ မှုနှင့် အထွေထွေမြေ အမှု ရှစ်မှုရှိသည်။ တိုင်းအစိုးရက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီး မှန်ကန်မှုရှိသော မြေယာများကိုလည်း အမြန်ဆုံးပြန်ပေးနိုင်ရန်လည်း လုပ်ဆောင်နေသည်ဟု ဦးရဲမြင့်က ပြောသည်။
“ကျွန်တော်တို့အနေနဲ့က လူကြီးမင်းတို့ တင်ပြလာတာကို ကြည့်ပြီး ဒီအတိုင်းအမှန်လား ရော့ဆိုပြီး ပေးချင်ပါတယ်”ဟု ပြောသည်။
အုပ်ချုပ်မှုပိုင်းအနေဖြင့် အောက်ခြေပြောင်းလဲမှုတွေကို အဓိကထား လုပ်ဆောင်နေပြီး လာဘ်စားမှုများ တိုင်ကြားလာပါကလည်း ဟုတ်မဟုတ် စစ်ဆေးကာ ရာထူးမှချက်ခြင်း ဖယ်ရှားသွားမည့်စနစ် ကျင့်သုံးနေသည်ဟု ဆိုသည်။
မြို့တော်ဝန် ဦးအောင်မောင်းကလည်း ဂရမ်ထပ်မြေများ အငြင်းပွားမှုနှင့်ပတ်သက်၍ အမှန်အတိုင်း ဆောင်ရွက်ပေးနိုင်ရန် စည်ပင်သာယာမြေယာဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးနေပြီး အချို့အငြင်းပွားမှုဖြစ် နေသည့် မြေယာများမှာ စည်ပင်သာယာမှ ညှိနှိုင်းဆောင်ရွက်မပေးနိုင်ခြင်းကြောင့် မန္တလေးတိုင်း အစိုးရ အဖွဲ့သို့ တင်ပြပြီးဖြစ်သည်ဟု ဆိုသည်။
No comments:
Post a Comment