ကိုတိုးကြီး
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာ ရတနာမာန်အောင် ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ဗုဒ္ဓ ရုပ်ပွားတော် နှစ်ဆူကို ခိုယူခံရသည့်တွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်လွင်မှ မြင်းမူမြို့မရဲစခန်းတွင် ယခုလ ၂၈ ရက်က တိုင်တန်းထားသည်ဟု ရဲစခန်း တာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြောသည်။
ခိုးယူခံရခြင်းနှင့်ပတ်သက်၍ ဂုံညင်းဆိပ်နယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ခိုးယူခံရသည့် ဆင်းတုတော်နှစ်ဆူသည် ရတနာမာန်အောင် ကျောင်းဝင်းအတွင်းရှိ ဒေါ်ပဲစေတီမှ ဥာဏ်တော်လေးပေ၊ လုံးတော် နှစ်ပေခွဲခန့်အရွယ်ရှိ တင်ပလင်ခွေထိုင်လျက် ကျောက်ဆင်တုတော်တစ်ဆူနှင့် ရှစ်ပင် ဆု တောင်းရ စေတီလိုဏ်ဂူတော်အတွင်းမှ ဉဏ်တော်နှစ်ပေ၊ လုံတော်တစ်ပေခန့်အရွယ်ရှိ သစ်စေးသုတ် နှီးကိုယ်ထည်သရိုးဆင်းတုတော်တစ်ဆူတို့ ဖြစ်သည်။
နိုဝင်ဘာလအတွင်းက စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်တွင် ၁၀၈ ကွက် စက်လက္ခဏာပါရှိသော ဗုဒ္ဓခြေရာတော်ကြီးတစ်ခု ခိုးယူခံရပြီး မကွေးမှ ဘုန်းတော်ကြီးတစ်ပါး၏ ရုပ်ကလပ်တော်ကြီးကို ခိုးယူခံခဲ့ရသေးသည်။
ထိုမျှမက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် ဘုတလင်မြို့နယ်များအတွင်းမှ ဗုဒ္ဓဆင်းတုတော်များ ခိုးယူခံခဲ့ရသည့် အမှုဖြစ်စဉ်များသည် ယနေ့အထိတိုင်အောင် ဖော်ထုတ်အရေးယူနိုင်ခဲ့ခြင်း မရှိသေးပေ။
No comments:
Post a Comment