စိုးသန်းလင်း၊ ဟိန်းကိုစိုး
ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားသည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ နိုဝင်ဘာလကုန်အထိ ရောက်ရှိပြီးသော အကြံပြုစာများ၏ ထက်ဝက်ခန့်မှာ လွှတ် တော်များအတွင်း တပ်မတော်သားပါဝင်မှု လျှော့ချရေး အကြံပြုချက် အများအပြားပါဝင်သည်ဟု ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်နှင့် ပူးပေါင်းကော်မတီ လုပ်ငန်းများ ကူညီဆောင်ရွက်နေသူ လွှတ်တော်အမတ် ဦးသန်းထွန်းတို့က ဒီဇင်ဘာ ၂ ရက်တွင် မဇ္ဈိမကိုပြောသည်။
“အကြံပြုစာအများစုကတော့ လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကို လျှော့ချရေး ပါပဲ။ နောက်ပြီး အစိုးရအဖွဲ့မှာ အရေးပါတဲ့ ၀န်ကြီးဌာန သုံးခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ် ရေးရာဝန်ကြီးဌာနတွေမှာ စစ်ဖက်အရာရှိတွေ ခန့်ထားပြီး နှစ်သီး စားဖြစ်နေကြတာမျိုး မဖြစ်သင့်ကြောင်း လည်း ပါတယ်” ဟု ဒီပဲယင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။
ဒုတိယအကြံပြုမှု အများဆုံးတွင် သမ္မတအရည်အချင်းဆိုင်ရာ သတ်မှတ်ချက်ကို ပြင်ဆင်ရန်ဖြစ်ပြီး တတိယအနေဖြင့် တရားစီရင်ရေးတွင် အုပ်ချုပ်ရေးဘက်မှ ၀င်ရောက်စွက်ဖက် လွှမ်းမိုးမှု မဖြစ်စေရန်တို့ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောပြသည်။
“အဲဒီအတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရဲ့ တရားသူကြီးတွေကို သမ္မတက ရွေးချယ်ခန့်ထား တာမျိုး မဟုတ်ဘဲ ပြည်သူတွေကပဲ ရွေးခန့်တာမျိုး ဖြစ်စေချင်ကြောင်း အကြံပြုစာတွေ ပါပဲ”ဟု ဦးသန်း ထွန်းကပြောသည်။
ပူးပေါင်းကော်မတီသို့ ရောက်ရှိပြီးဖြစ်သည့် စာများထဲတွင် တပ်မတော်သား ပါဝင်မှု လျှော့ချရေးဆိုင်ရာ အကြံပြုမှု အများဆုံးဖြစ်သည်ကို အတွင်းရေးမှူး ဦးအေးမောက်ကလည်း ထောက်ခံ ပြောကြားခဲ့သည်။
“ခန့်မှန်းခြေအရတော့ ဒါဟာ မှန်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် နိုင်ငံတော်၏ အရေးကြီးကိစ္စများကို ဆွေးနွေးဆုံးဖြတ်ခွင့်ရှိသည့် အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအတွင်း တပ်မတော်ဘက်မှ ၅၀ ရာခိုင်နှုန်းကျော် ပါဝင်နေခြင်းဆိုင် ရာကိစ္စများလည်း ပါဝင်သည်ဟု ဦးအေးမောက်က အသိပေးသည်။
အများပြည်သူထံမှ အကြံပြုစာများ နောက်ဆုံးလက်ခံရက်ဖြစ်သည့် ဒီဇင်ဘာလကုန် မတိုင်မီ အကြံပြု ချက်များ ၀င်ရောက်မှု ပိုမိုမြန်ဆန်လာသည်ဟု ပူးပေါင်းကော်မတီအတွင်းရေးမှူးက ဆိုသည်။
“ထိုင်းနဲ့ စင်ကာပူမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကလည်း ကျွန်တော်ရဲ့ အီးမေးလ်မှတစ်ဆင့် အကြံပြုစာ ပေးပို့ထားပါတယ်” ဟု ဦးအေးမောက်က ပြောသည်။
ပူးပေါင်းကော်မတီ၏ အစည်းအဝေးကို ဇန်န၀ါရီလဆန်းပိုင်းအတွင်း ပြုလုပ်ရန် လျာထားပြီး ယင်းမှအကြံ ပြုစာများအပေါ် မည်သို့ ဆက်လက်ဆောင်ရွက်မည်နှင့် လကုန်ပိုင်းနောက်ဆုံးထားတင်ရန် သတ်မှတ် ထားသည့် အချိန်အတွင်း အမီတင်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
နိုဝင်ဘာလကုန်အထိ အကြံပြုစာ ၃၀၀ ကျော် ပူးပေါင်းကော်မတီသို့ ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံရေးပါတီ များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပေးပို့ထားခြင်းဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်အတွင်း အင်အားအကြီးဆုံး ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုး ရေးပါတီနှင့် ဒုတိယအင်အားကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကမူ အကြံပြုစာနောက်ဆုံး လက်ခံ သည့် ဒီဇင်ဘာလကုန်ရက် နီးကပ်မှ တင်ရန် စီစဉ်ထားသည်ဟု မဇ္ဈိမကို ပြောသည်။
တပ်မတော် ကိုယ်စားလှယ်တို့ကလည်း ဖွဲ့စည်းပုံကို မည်သည့်အချက်များ ပြင်ဆင်လိုသည်နှင့် မည် သည်တို့ကိုမူ ပြင်ဆင်ရန်မလိုဟူသော အကြံပြုချက်ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ပေးပို့သွားရန် လျာထား သည်ဟု ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်ချုပ်ဝေလင်းက မဇ္ဈိမကို အတည်ပြုပြောကြားထားသည်။

No comments:
Post a Comment