မင်းမင်း
၁၇ နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ရန်ကုန်တက္ကသိုလ်ကို ယခုပညာသင်နှစ် (၂၀၁၃-၂၀၁၄) တွင် ပြန်လည် ဖွင့်ပေးခဲ့ရာ ပထမနှစ်အတွက် ကျောင်းသား ၁၀၉ ဦးသာ ကျောင်းအပ်ထားသည့်အတွက် သတ်မှတ်ထား သည့် ကျောင်းသားဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်သာ ရှိနေသေးသည်။
အထူးပြုဘာသာရပ်ပေါင်း ၂၀ သင်ကြားပေးမည့် ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်တစ်ခုကို ကျောင်းသားဦးရေ ၅၀ တက်ရောက်ရန် ခွင့်ပြုထားသဖြင့် ဘာသာရပ်အားလုံး ကျောင်းသားတစ်ထောင် ရှိမည်ဖြစ်သည်။
သို့သော် ကျောင်းစတင်ဖွင့်လှစ်မည့် ဒီဇင်ဘာလ ၅ ရက်မတိုင်မီ တစ်ရက်အလိုထိ ကျောင်းသား ၁၀၉ ဦးသာ ကျောင်းအပ်ထားသည့်အတွက် တက်ရောက်နိုင်သည့် ကျောင်းသားဦးရေ၏ ဆယ်ရာခိုင်နှုန်းကျော်သာ တက်ရောက်သည့်သဘော ဖြစ်နေသည်။
ကျောင်းသားများအား ယခုလ ၁၆ ရက်မတိုင်မီအထိ ကျောင်းအပ်လက်ခံမည်ဖြစ်ရာ “တစ်ထောင်မှာ ဘယ် လောက်ဝင်တယ်ဆိုတာတော့ ၁၆ ရက်မှ သိရမှာ။ အခုကတော့ ၁၀၉ ဦး လာအပ်တယ်”ဟု သင်တန်းရေးရာ မှဌာနမှူး ဒေါက်တာလှဆွေက ရှင်းပြသည်။
တက်ရောက်ခွင့်ရရှိမည့် ကျောင်းသားများအား ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး “ပါရဂူဘွဲ့ရ မြန်မာ့ပညာရှင်များ နှစ်စဉ် မွေးထုတ်ရန် မျှော်မှန်းထားပါသည်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ် ထူးချွန်ကျောင်းသားအဖြစ် တက်ရောက်ခွင့်ရသူများမှာ တက္ကသိုလ်ဝင်စာ မေးပွဲတွင် အနည်းဆုံးအမှတ်ပေါင်း လေးရာကျော်ရရှိမှသာ တက်ခွင့်ရမည် ဖြစ်သည်။
အမှတ်ပေါင်း ၅၀၃ မှတ်ဖြင့် ပထမနှစ် ရူပဗေဒ အထူးပြု တက်ရောက်နေသည့် ပဲခူးတိုင်းမှ ၁၆ နှစ်အရွယ် ကျောင်းသူ မခင်ဖြူဖြူစင်က “ဒီမှာ ငယ်ငယ်တည်းက တက်ချင်တာလေ။ နိုင်ငံတကာနဲ့ အဆင့်မီအောင် သင်ကြားပေးမယ်လို့ ကြေညာထားတော့ ကိုယ့်အတွက် အခွင့်အလမ်းရမယ်ဆိုပြီး လာတက်တာလေ။ အဲ့လိုမှမဟုတ်ရင်တော့ တက်ရတာ နှမြောသလိုပဲ”ဟု ဆိုသည်။
ရန်ကုန်တက္ကသိုလ်အနေနှင့် ကမ္ဘာ့အဆင့်မီကျောင်းသားများမွေးထုတ်ပေးမည်ဟု ကြေညာထားသော်လည်း ယခု ကျောင်းစတင်ဖွင့်သည့်အချိန်ထိ စာသင်ခန်းများမှာလည်း အဆင်သင့်မဖြစ်သေးပေ။
“သတ်မှတ်ထားတဲ့အခန်းက ဆေးနံ့တွေ မပျောက်သေးလို့ မနက်ဖြန်မှ အခန်းမှာ သင်နိုင်မှာပါ။ ဒီနေ့တော့ ကျောင်းသားသုံးယောက်ပဲ လာသေးတယ်”ဟု ရူပဗေဒဘာသာရပ် ဆရာမတစ်ဦးက ပြောသည်။
ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ရန် မျှော်မှန်းထားသည်နှင့် လက်တွေ့မှာ ထပ်တူကျမှုမရှိဟုလည်း ပထမနှစ် ဓာတုဗေဒ ထူးချွန်ကျောင်းသား မောင်စိုင်းပြည့်စုံအောင်က ဆိုသည်။
ကနဦးသတ်မှတ်ချက်များအရ ရန်ကုန်တက္ကသိုလ်တွင် အထူးပြုဘာသာတစ်ခုကို ပထမနှစ် တက်ရောက် မည့် ထူးချွန်ကျောင်းသားအရေအတွက် ၁၅ ယောက်သာဖြစ်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်က နိုင်ငံပိုင်သတင်းစာ များတွင် ဘာသာရပ်တစ်ခုကို ကျောင်းသားဦးရေ ၅၀ထိ လက်ခံပေးမည်ဟု ပညာရေးဝန်ကြီးဌာနက ပြောင်း လဲသတ်မှတ်ကာ သတင်းထုတ်ပြန်ထားခဲ့သည်။
ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်များကို ပထမနှစ်မှ စတင်တက်ခွင့်မရှိသည်မှာ ၁၇ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်အစိုးရက ၁၉၈၈ ခုနှစ် အရေးအခင်းမှစတင်ကာ ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။ ၁၉၆၄ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် သင်တန်းများရှိခဲ့ပြီး နောက်ပိုင်း စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တက္ကသိုလ်၏ဖွံ့ဖြိုးမှု ရပ်တန့်ခဲ့သည်။
ထို့နောက် ၁၉၉၉ ခုနှစ်မှ စတင်ကာ ဘွဲ့လွန်၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များ ကျောင်းသားများသာ တက် ရောက်ရန် ပြန်လည် ခွင့်ပြုခဲ့သော်လည်း ပြင်ပလူများဝင်ရောက်ခြင်းကို တားမြစ်ခဲ့ပြီးနောက် ၂၀၁၂ သြဂုတ် ၁ ရက်မှ စတင်ကာ ၀င်ထွက်ခွင့် ကန့်သတ်ထားသည်ကို ဖယ်ရှားခဲ့သည်။
No comments:
Post a Comment