ABC
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်တဲ့နေ့မှာ တရုတ် နိုင်ငံတော် အလံကို မီးရှို့ပြီး ဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူအချို့ကို အစိုးရဘက်က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့တုန်းက လက်ပံတောင်းအကြမ်းဖက်ခံခဲ့ရမှုအတွက် တရားခံဖော်ထုတ်ပေးဖို့နဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီကို ဒေသတွင်းက ထွက်ခွါပေးဖို့ တောင်းဆိုချက်တွေနဲ့အတူ တက်ကြွလှုပ်ရှားသူ ၃၀ လောက်ဟာ ရန်ကုန်မြို့လယ်ခေါင်ကနေ တရုတ်သံရုံးရှေ့ထိ ချီတက်ဆန္ဒပြခဲ့ကြပြီး အဲဒီဆန္ဒပြမှုမှာ တရုတ်နိုင်ငံတော် အလံကို မီးရှို့ပြီး ဆန္ဒပြခဲ့ကြတာပါ။
အဲဒီ ဆန္ဒပြတုန်းက ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုတင်ထွဋ်ပိုင်ကို မနေ့တုန်းကဘဲ ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ ကိုတင်ထွဋ်ပိုင်ရဲ့ မိခင်ဖြစ်သူ ဒေါ်ငယ်က အခုလိုပြောပြပါတယ်။
“ကိုတင်ထွဋ်ပိုင်ကို သူ့အစ်ကိုကြီး ကားအက်စီးဒင့်ဖြစ်လို့ ဆေးရုံစောင့်နေတဲ့အချိန်မှာ သူတို့ တရုတ်သံရုံးကို ဆန္ဒပြပြီး တော့ အလံကို မီးရှို့တယ်ဆိုပြီးတော့ လာခေါ်သွားပါတယ်။ ဒဂုံစခန်းမှာသိပ်တယ်။ ညက သိပ်တယ်ပေါ့နော်။ ညက သိပ်ပြီးတော့ ဒီမနက်ကျတော့ သူတို့က ရုံးထုတ်မယ်လို့ ပြောပါတယ်။ ပြီးလဲပြီးရော ရုံးမှာလည်း မရှိဘူး၊ စခန်းမှာလည်း မရှိဘူးလို့ ပြောပါတယ်။ အဲတာနဲ့ ပြီးလဲပြီးရော ကျွန်မကို ခေါ်တွေ့တယ်။ အမေလာပါတဲ့ ဆိုပြီးတော့ တင်ထွဋ်ပိုင်ကို ဒီတရားသူကြီးမက နေပြီးတော့ ယမန်တစ်ပါတ် အင်းစိန်ထောင်ထဲကို ထည့်လိုက်တယ်ဆိုပြီးတော့ ကျွန်မကို ပြောတယ်။ ၅၀၅(ခ)လို့ ပြောပါတယ်။”
အလားတူဘဲ မကြာသေးမီကမှ ပြန်လည် လွတ်မြောက်လာတဲ့ လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ၊ ကိုအောင်စိုးနဲ့ ပုဒ်မ ၁၈ နဲ့ တရားရင်ဆိုင်နေရဆဲဖြစ်တဲ့ ကိုစည်သူတို့ကိုလည်း ဒီဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားပြီး လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့တုန်းက စီမံကိန်း ရပ်ဆိုင်းပေးဖို့ တောင်းဆိုနေတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို သက်ဆိုင်ရာဘက်က အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် သံဃာတော် အပါး ၁၀၀ လောက်နဲ့ ဒေသခံ ၁၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တဲ့အတွက် ပြင်ဆင်ဖို့ ဒါမှမဟုတ်ရင် ပယ်ဖျတ်ဖို့ ပြုလုပ်သင့်တယ်လို့လည်း အကြံပြု ပြောဆိုခဲ့ပါတယ်။

No comments:
Post a Comment