ဖြိုးဝေအောင်
ယခုနှစ်အတွင်း ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့သို့ လေယာဉ်ဖြင့် ခရီးသွားလာသူ တိုးမြင့်လာသည့်အတွက် လေကြောင်းပြေးဆွဲမှု နှစ်ဆတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း လွိုင်ကော်ရှိမြန်မာ့လေကြောင်းက ဆိုသည်။
တလကို လေယာဉ်ဖြင့်ခရီးသွားလာသူ (၆၀၀) ဦးအထိမြင့်တက်လာသည့်အတွက် ရန်ကုန်နှင့်လွိုင်ကော် တပတ်ကို နှစ်ရက်ပြေးဆွဲခဲ့ရာမှ ယခုနောက်ပိုင်း တပတ် လေးရက်ပြေးဆွဲနေပြီဖြစ်ကြောင်း လွိုင်ကော်မြို့ရှိ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူ ဦးအောင်မင်းကပြောသည်။
“အရင်တုန်းကတော့ (၃၀၀) ကျော် (၄၀၀) လောက်ပဲဝင်တယ်။”
လွိုင်ကော်မှရန်ကုန်သို့ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး ၊ သောကြာ ဆိုပြီး တပတ်ကို (၄) ရက် ပြေးဆွဲပြီး ဟဲဟိုး၊ နေပြည်တော်နှင့်တာချီလိတ်သို့ လိုအပ်ချက်ရှိသည့်အချိန်မှသာပြေးဆွဲကြောင်းပြောသည်။
“ခရီးသည် တိုးတက်လာတယ်။ လေယာဉ်လည်း မှန်တဲ့အတွက် ခရီးသည်လည်း ပုံမှန်ရလာပါတယ်။ လေယာဉ်ပုံမှန်လာပေး လို့ပေါ့။ လောလောဆယ် ပုံမှန်လေး လာတဲ့အတွက် foreigner ရော၊ Local တွေကော တက်လာတယ်”ဟု ဦးအောင်မင်းကပြောသည်။
ပြီးခဲ့သည့်နှစ်လက လွိုင်ကော်-ရန်ကုန်လေယာဉ်လက်မှတ်တစောင်လျင် ကျပ်(၅၀၀၀၀) သောင်းပေးဆောင်ရပြီး ယခုနိုဝင်ဘာလကစပြီး လက်မှတ်တစောင်ကို ကျပ် (၅၇၀၀၀) သောင်း မြင့်တက်သွားပြီဖြစ်သည်။
“ရန်ကုန်ရုံးချူပ်ကပဲ ဒီလောက်ဒီလောက် ရောင်းပါဆိုလို့ ကျနော်တို့ရဲ့ သတ်မှတ်ချက် မဟုတ်ဘူးပေါ့။ ရုံးချုပ်ရဲ့ ညွန်ကြားချက်အရ ရောင်းရတာပေါ့”ဟုဦးအောင်မင်းကပြောသည်။
လွိုင်ကော်လေဆိပ်တွင် Check In ပြုလုပ်ရန်အချိန်သတ်မှတ်ဖေါ်ပြထားခြင်းရှိသော်လည်း မည်သည့်အချိန်လေယာဉ် ထွက်ခွာမည်ကို တိတိကျကျမဖေါ်ပြထားသည့်အတွက် ခရီးသည်များအတွက် သက်တောင့်သက်သာမရှိကြောင်း ခရီးသည်တဦးကထောက်ပြထားသည်။
လွိုင်ကော်-ရန်ကုန်သို့ ပြေးဆွဲလေ့ရှိသည့် လေယာဉ်အမျိုးအစားများမှာ ART – 72 (၃) စီး၊ ART –42 (၁)စီး နှင့် BEECH – 1900 D (၂)စီး အသီးသီးတို့ဖြစ်သည်။

No comments:
Post a Comment