Sunday, December 8, 2013

မလေးရှားသို့ လုပ်သားပို့ဆောင်မှုကြန့်ကြာခြင်း လုပ်သားများကိုသာ နစ်နာစေဟုဆို

ရဲလင်းထွဋ်

မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားများ ပို့ဆောင်ရာတွင် ကြန့်ကြာမှုများရှိနေခြင်းကြောင့် လုပ်သားဈေးကွက် လျော့ကျသွားနိုင်ပြီး လုပ်သားများအတွက် ပိုမိုနစ်လာမှုများရှိနေသည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၏ တာဝန်ရှိသူတို့က ပြောသည်။

“ကိုယ့်နိုင်ငံသားတွေအတွက်ဆိုတော့ ပြန်ပြီး စိစစ်နေပါတယ်။ တစ်လလဲမဟုတ် နှစ်လလဲမဟုတ် တချို့ဆို လေးလလောက်ကြာပြီး တချို့တစ်နှစ်လောက်ကြာသွားတော့ ဟိုဘက်ကအေးဂျင့်ရယ်၊ ဒီဘက်က အေးဂျင့်ရယ်၊ အလုပ်သမားရယ်ကို ရန်တိုက်ပေးသလို ဖြစ်နေတယ်”ဟု ကောင်းမြတ်စံသူ ပြည်ပအလုပ်အကိုင် ရှာ ဖွေရေးအေဂျင်စီ ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြတ်သူက ပြောသည်။

ပြီးခဲ့သည့် မေလ၂၉ ရက်တွင် မလေးရှားနိုင်ငံ ဆာလာရန်းဈေးတွင် စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ နှင့်ခိုက်ရန်ဖြစ်ပွားမှုများကြောင့် မြန်မာလုပ်သားအချို့သေဆုံး၊ဒဏ်ရာရမှုများရှိခဲ့ပြီး မြန်မာလုပ်သားပို့ဆောင် မှုကို အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ခေတ္တရပ်ဆိုင်းစေခဲ့ရာ အဆိုပါရပ်ဆိုင်းထား မှုအား ဇူလိုင်လ၂၉ ရက်က ပြန်လည်ရုပ်သိမ်းခဲ့ပြီး မလေးရှားနိုင်ငံသို့ လုပ်သားများကို ပြန်လည်စေလွှတ်ခွင့် ပြုခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၇၅ ခုတွင် မလေးရှားမှ လုပ်သားခေါ်ယူသည့် အ လုပ်ခေါ်စာများတွင် လုပ်သားဦးရေ ၄,၀၀၀ မှ ၆,၀၀၀ ခန့်ရှိနေနိုင်ပြီး လုပ်သားစေလွှတ်မှုအတွက် အလုပ် သမားဝန်ကြီးဌာနမှ တရားဝင် စာထုတ်ပြန်ချထားပေးခြင်း မရှိသေးဟု ပြည်ပအလုပ်အကိုင် လုပ်ငန်းအချို့မှ သိရသည်။

အဆိုပါ လုပ်သားခေါ်စာများတွင် သတ်မှတ်ကာလအတွင်း မပို့ဆောင်နိုင်ပါက ပယ်ဖျက်ခြင်း၊ အာမခံကြေး များ ပေးလျော်ခြင်းများရှိပြီး အချို့ပြည်ပအလုပ်အကိုင်အေဂျင်စီများ၏ အလုပ်ခေါ်စာများမှာ သက်တမ်း ကျော်လွန်သွားပြီဖြစ်သည့်အတွက် မလေးရှားသို့ သွားရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရသည်။

မြန်မာ ပြည်ပအလုပ်အကိုင် လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်ကလည်း “လက်ရှိ လုပ်ငန်းက ရပ် ဆိုင်းသလိုဖြစ်နေတယ်။ ဒါပေမဲ့ မကြာခင် ပြန်လည်ဖွင့်ပေးမယ်လို့ သတင်းရထားပါတယ်။ ကျွန်တော်တို့လဲ စာတင်ထားပါတယ်။ လက်ရှိတော့ မလေးရှား လုပ်သားလိုအပ်ချက်က ပိတ်တာ နှစ်ကြိမ် ရှိခဲ့တဲ့အတွက် မလေးရှားဘက်က ကြန့်ကြာတာကို မကြိုက်ပါဘူး။ မြန်မာနိုင်ငံကို အာရုံကျမှု နည်းသွားပါတယ်”ဟု ပြော သည်။

မလေးရှားသို့ ၂၀၁၁ ခုနှစ်မှ စတင်ကာ လုပ်သားပို့ဆောင်မှု ကျဆင်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းခန့် အထိ ကျဆင်းကာ ယခင်က တစ်နှစ်လျှင် အေဂျင်စီတစ်ခုသည် လုပ်သား ၂၀၀ မှ ၅၀၀ ကြား ပို့ဆောင်နိုင် သည်။

မလေးရှားသို့ သွားရောက်ရန် လုပ်သားတစ်ဦးအတွက် ၀န်ဆောင်ခအဖြစ် ကျပ်ငွေ ၈ သိန်းမှ ၁၂ သိန်းဝန်း ကျင်အထိ ရှိနေကြောင်း မလေးရောက် လုပ်သားအချို့က ပြောသည်။

လက်ရှိတွင် မလေးရှားရောက်မြန်မာလုပ်သား လေးသိန်းဝန်းကျင်ရှိနိုင်ပြီး တရားဝင်ပို့ဆောင်ခွင့်မှာ ၇၀,၀၀၀ ခန့်သာရှိကြောင်း လူမှုဖူလုံရေးဝန်ကြီးဌာနအောက်ရှိ ပြည်ပအလုပ်အကိုင် ကြီးကြပ်ရေးကော်မတီ စာရင်း များတွင် ဖေါ်ပြသည်။

No comments: