နိရဉ္စရာ
ကုလသမဂ္ဂ ၆၈ ကြိမ်မြောက် အထွေထွေညီလာခံ တတိယ အကြိမ် ကော်မတီ အစည်းဝေး မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ လူထု စည်းဝေးပွဲ တစ်ခုကို ဒီဇင်္လာလ ၂ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ လူထုစည်းဝေးမှာ ကုလသမဂ္ဂ ကနေ ရခိုင်ပြည်နယ်ဘက်မှာရှိတဲ့ ဘင်္ဂါလီ လူနည်းစုတွေကို “ ရိုဟင်ဂျာ” နာမည်နဲ့ နိုင်ငံသား ပေးဖို့် မြန်မာ အစိုးရကို ဖိအားပေးတဲ့ ဆုံးဖြတ်ချက် အပေါ် အဓိက ဦးတည် ကန့်ကွက် ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီပွဲကို သံဃာတော်တွေ၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့ အပါအ၀င် ပြည်သူ လူထု ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ခုလို ဘာကြောင့် ကန့်ကွက်ရပါသလဲလို့ စည်းဝေးပွဲကို တက်ရောက်ခဲ့သူ “ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ” ဥက္ကဌ ဦးနေမျိုးဝေကို နိရဉ္စရာက မေးမြန်းကြည့်တဲ့ အခါ သူက ခုလို ပြောပါတယ်။
“ အဲ။ ယူအန်ရဲ့ ဆုံးဖြတ်ချက်ကို ဘာကြောင့်ကန့်ကွက်ရသလဲဆိုတော့ ယူအန်ဆိုတာကလည်းဗျာ မူဆလင် နိုင်ငံတွေနဲ့ အိုအိုင်စီရဲ့ Base ကိုယူပြီး Data တွေကို ရယူနေတဲ့ အဖွဲ့အစည်း ဖြစ်သွားပြီ။ နောက်ပြီး ဒီနိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်ရဘူးဆိုတဲ့ စံကိုလည်း ချိုးဖေါက်နေသလို ဖြစ်နေပြီ။ ကျနော်နိုင်ငံရဲ့ ပြည်တွင်းရေးဘဲ။ ကျနော်နိုင်ငံမှာ နိုင်ငံသား ပြုခွင့်ကို ပေးချင်တဲ့လူကို ပေးမယ်။ မပေးချင်တဲ့ လူကို မပေးဘူး။ ဒီလို law ခွဲထားလို့ရတယ်။ ကျနော် ဥပဒေနဲ့ အညီ လုပ်လို့ရတယ်။ ကျနော် ပြင်ချင် ပြင်လို့ ရတယ်။ မပြင်ချင် မပြင်ဘဲနေလို့ရတယ်။ ဒီအပေါ်မှာ လာပြီးတော့ ယူအန်က ၀င်ရောက် စွက်ဖက်တဲ့ ပုံစံမျိုးဆိုရင် ဒါကို လက်ခံလို့ မရဘူး။ ခုလို ကမ္ဘာအရပ်ရပ်မှာ မူဆလင် အစွန်းရောက်တွေရဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ အချိန်မှာ မြန်မာပြည်က ရခိုင်ပြည်နယ်ထဲကို ခိုးဝင်လာတဲ့ ဘင်္ဂလီတွေကို ရိုဟင်ဂျာ နာမည်နဲ့ နိုင်ငံသား ပြုပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး” ဆိုပီး ပြောဆိုသွားပါတယ်။
အဲဒီ ကန့်ကွက်ပွဲကို အမျိုးသားရေး ကွန်ယက် (မြန်မာပြည်)က ဦးဆောင်ပြီး နဂိုက ပြည်သူ့ရင်ပြင်မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် အစိုးရက ခွင့် မပြုတဲ့အတွက် ဦးဝိစာရ လမ်းထောင့်နဲ့ ရွှေဂုံတိုင် လမ်းထောင့်မှာ ရှိတဲ့ အားကစားကွင်းမှာ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ စည်းဝေးပွဲမှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတိုင်း ဆက်လုပ်ဖို့၊ ရိုဟင်ဂျာ မရှိဘူး၊ တိုင်းရင်းသား ၁၃၅ မျိုးကို ထပ်တိုးဖို့ မကြိုးစားနဲ့ ဆိုတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြသလို UN အနေနဲ့ နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ် အချာ အာဏာကို ဝင်ရောက် စွက်ဖက်ခြင်းဟာ UN အခြေခံမူကို ချိုးဖောက်ရာရောက်တဲ့ အတွက် အဲဒီ အချက် အပေါ်မှာတော့ ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။ UN တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် အပေါ်မှာ ကန့်ကွက်ခဲ့တဲ့ မြန်မာ အစိုးရကိုတော့ ထောက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။
(၆၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီရဲ့ အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်နေ့က အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှာ ကျင်းပရာ မြန်မာ၊ ဆီးရီးယား၊ အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံတို့ရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုမူကြမ်းတွေကို အရေးယူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်စပ်ပြီး ပြုလုပ်တဲ့ ဆုံးဖြတ်ချက်မှာတော့ ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ မွတ်ဆလင် လူနည်းစုတွေကို ရိုဟင်ဂျာ အမည်နဲ့ နိုင်ငံသား အဖြစ် သတ်မှတ်ပေးရန်နဲ့ လွတ်လပ်စွာသွားလာခွင့်နဲ့အတူ ကန့်သတ်မူတွေကို ရုတ်သိမ်းပေးဖို့ ဆုံးဖြတ်ချက်ချ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

No comments:
Post a Comment