Wednesday, April 30, 2014

ရခိုင်ပဋိပက္ခများအတွက် အစိုးရနှင့် ကုလသမဂ္ဂကို ရခိုင်ညီလာခံတွင် ဝေဖန်

မောင်သင်တုန်း၊ ကေဇူး

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အစိုးရအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ၏ အကူအညီ ပေးရေးအဖွဲ့အစည်းများက လှုံ့ဆော်မှုများရှိနေသည်ဟု ရခိုင်အမျိုးသာညီလာခံ သုံးရက်မြောက်နေ့ (ဧပြီ ၂၉ ရက်)တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအကြောင်း ဦးဆောင်ဆွေးနွေးသူများက ပြောဆို လိုက်သည်။

“စစ်တွေမှာဖြစ်သွားတာဆိုရင် အစိုးရက ထိန်းထိန်းသိမ်းသိမ်းလုပ်မယ်ဆိုရင် ဒီလောက်ထိ အခြေအနေ မဆိုးဘူး။ အစိုးရက တစ်စုံတစ်ရာ ကစားတယ်လို့ သုံးသပ်တယ်။ အဲဒီအချိန်မှာ သန်းခေါင်စာရင်းကောက်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်”ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒါ ရိုက်တာဦးအောင်မောင်ဦးက ပြောသည်။

ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများ ထောက်ပံ့သည့် ကျပ်ငွေသန်းချီသော ငွေကြေးများကို လူထုထံတိုက် ရိုက်ပံ့ပိုးမှုပြုလုပ်နေရာမှ အစိုးရက တစ်ဆင့်ခံယူကာ ထောက်ပံ့မှုများ ပြုလုပ်လိုသောကြောင့်လည်း ရခိုင် လူမျိုးများကို အသုံးချခဲ့သည်ဟု ၎င်းက ဆက်လက် သုံးသပ်သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးသည် အလိုအပ်ဆုံးအချက်တစ်ချက်ဖြစ်သော်လည်း တည်ငြိမ်မှု သည် ယခင်ကလည်း အားနည်းခဲ့ပြီ လက်ရှိတွင် ပိုမိုဆိုးရွားလာကြောင်းနှင့် နှစ်ပေါင်းများစွာ အခြေတည် ဖြစ်ပွားခဲ့သည့် ပြဿနာများအပေါ် တိကျသည့် အဖြေတစ်ခု ရှာဖွေသင့်ပြီဖြစ်ကြောင်းလည်း ညီလာခံသုံး ရက်မြောက်နေ့တွင် ဆွေးနွေးကြသည်။

“ဘူးသီးတောင် မောင်တောမှာဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့မှုတွေလုပ်တယ်။ ခိုးဝင် လာတဲ့သူတွေကို မြေယာတွေဖော်ဆောင်ပေးတယ်။ စိုက်ပျိုးစရိတ်တွေ ထုတ်ပေးတယ်။ မျိုးစပါးတွေပေး တယ်။ နောက် ၀ယ်လက် ၉၀ ရာခိုင်နှုန်း ချုပ်ကိုင်နိုင်အောင် စီမံဆောင်ရွက်ပေးထားတယ်။ ကျူးကျော်မှု ဖြစ်အောင် တမင် ဆောင်ရွက်နေတာပါတယ်။ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး)နဲ့ အစိုးရအပေါ်မှာ အများကြီး မူတည်နေပါတယ်”ဟု ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအ ကြောင်း မေးမြန်းဆွေးနွေးရာတွင် ခေါင်းဆောင်ဆွေးနွေးသူ ဦးထွန်းအောင်သိန်းက ပြောသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အဓိကဆောင်ရွက်ပေးရန်မှာ အစိုးရအဖွဲ့၏ တာဝန်သာဖြစ် သည်ဟု ဆိုသည်။ တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေအတိုင်းဆောင်ရွက်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဥပဒေဖြင့် ဆောင်ရွက်ရမည်ဟု ဆက်ဆွေးနွေးကြသည်။

ရခိုင်တပ်မတော်(AA) ဒု-ဗိုလ်မှူးကြီးဦးကျော်ဟန်က “ရခိုင်ပြည်နယ်ပြဿနာကို ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးမှုမရှိလို့ဆိုပြီး ပြောတယ်။ သမ္မတဦးသိန်းစိန်းက ဆင်းရဲနွမ်းပါးမှုကြောင့်လို့ ပြောတယ်။ UN အဖွဲ့အစည်းတွေက လူ့အခွင့်အရေးမရှိလို့ဆိုပြီး ပြောတယ်။ ရခိုင်တိုင်းရင်းသားတွေက ဘာပြောမလဲဆိုတာ လိုအပ်တယ်။ ပြည်သူလူထုကလည်း တောင်းဆိုဖို့လိုတယ်”ဟု သုံးသပ်သည်။

ရခိုင်အမျိုးသားညီလာခံမှတစ်ဆင့် တည်ငြိမ်းအေးချမ်းရေးအတွက် ဥပဒေဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်မည့် မူဝါဒများကို ချမှတ်နိုင်ရန်လည်း ညီလာခံတွင် တိုက်တွန်းပြောဆိုကြသည်။

နိုင်ငံတော်အစိုးရက မည်သည့်အပိုင်းမှ ကူညီဆောင်ရွက်ပေးရန် လိုအပ်မည်ကို ဆွေးနွေးကာ နိုင်ငံတော်အပိုင်းက လုပ်ဆောင်ပေးရမည့် အချက်အလက်များကိုလည်း တောင်းဆိုနိုင်ရန်အထိ ဆွေးနွေးကြ ရမည်ဟု ခေါင်းဆောင်ဆွေးနွေးသူများက ပြောသည်။

စစ်တွေပဋိပက္ခဖြစ်စဉ်တွင် ပြည်နယ်အစိုးရနှင့် လုံခြုံရေးအဖွဲ့ဝင်များ၏တုန့်ပြန်နိုင်မှု အားနည်းမှုရှိခဲ့သည်ဟု စစ်တွေပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ နယ်စပ်ရေးရာဝန်ကြီးဌာန ဒု-၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ဧပြီ ၉ ရက်တွင် မြန်မာငြိမ်းချမ်းရေးဂေဟာ၌ ပြောဆိုထားသည်။

အဆိုပါ ပဋိပက္ခဖြစ်ပွားခဲ့စဉ်က စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ရခိုင်ပြည်နယ်ရှေ့နေချုပ် ဦးဦးသာပွင့်ကလည်း “မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေတာ သုံးဘီး ဆိုက်ကယ်တွေနဲ့ ဦးဆောင်နေတဲ့လူ ၂၀ လောက်ကို လာမထိန်းသိမ်းလို့ ဒီလောက်အထိဖြစ်သွားတာ”ဟု မတ်လအတွင်းက မဇ္ဈိမကို ပြောထားသေးသည်။

No comments: