Tuesday, April 29, 2014

မီတာခတက်သော်လည်း မီးဆက်ပြတ် နေဦးမည်ဟု ပြော

မင်းမင်း

လျှပ်စစ်ဓာတ်အားခနှုန်းထားများ ယခုလကုန်ကစပြီး တိုးမြှင့်နှုန်းထားဖြင့် တွက်ချက်ကောက်ခံတော့မည် ဖြစ်သော်လည်း ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးအားနည်းခြင်းနှင့် မီးပြတ်တောက်မှုများ ဆက်လက်ရှိနေ ဦးမည်ဟု တိုင်းလျှပ်စစ်ဝန်ကြီးဦးဉဏ်ထွန်းဦးက ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းအတွင်း ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်နေသော်လည်း ဓာတ်အားလိုင်းကြိုးများ လဲလှယ်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်ရှိသဖြင့် “လျှပ်စစ်မီးအားနည်းခြင်း၊ မီးပြတ်တောက် ခြင်းများ ဆက်လက်ရှိနေသေးမည် ဖြစ်ပါသည်”ဟု ၀န်ကြီးက ပြောသည်။

ဧပြီလကုန်ကစပြီး လျှပ်စစ်ဓာတ်အားခများ တိုးကောက်တော့မည်ဖြစ်ရာ ပြည်သူများက တိုးမြှင့်ကောက် ခံမည့်နှုန်းထားဖြင့် ပေးဆောင်ရမည်ဖြစ်သည့်အတွက် “ကြိုတင်ကြေညာအသိပေးခြင်းမရှိဘဲ မကြာခဏ လျှပ်စစ်မီးများ ပြတ်တောက်ခြင်းမရှိစေရန် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း”ဟု ဒဂုံ မြို့သစ်(ဆိပ်ကမ်း) မြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးသိန်းအောင်ကျော်၏ မေးခွန်းထုတ်မှုကို ၀န်ကြီး က အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

တိုးတက်သုံးစွဲလာမည့် ၀န်အားကို ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်ဖြန့်ဖြူးရေးဆိုင်ရာပစ္စည်းများကို ယခု နှုန်းထက်ပိုမို၍ တိုးချဲ့တည်ဆောက်ရမည်ဟု ၀န်ကြီးက ဆိုသည်။

မီတာခ တိုးကောက်မည်ဖြစ်သော်လည်း လျှပ်စစ်မီး အချိန်ပိုင်းသာရရှိ၍ ကိုယ်ပိုင်မီးစက်ဖြင့် မောင်းနှင်နေရသဖြင့် လုပ်ငန်း မတွင်ကျယ်ခြင်း၊ ငွေကုန်ကြေးကျ ပိုမိုများပြားခြင်းတို့ ကြုံတွေ့နေရသည်ဟု ရန်ကုန်တိုင်း၊ တောင်ဒဂုံစက်မှုဇုန်(၂) လုပ်ငန်းရှင်များက ယခုလဆန်းပိုင်းအတွင်း မဇ္ဈိမကို ပြောဆိုထားသည်။

ရန်ကုန်တိုင်းအတွင်း လက်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဝန်အားမှာ နေ့ပိုင်းတွင်း ၈၄၇ ဒသမ ၇၁ မဂ္ဂါဝပ် နှင့် ညပိုင်းတွင် ၇၇၉ ဒသမ ၈၄ မဂ္ဂါဝပ်ဖြင့် သုံးစွဲနေသည်ဟု လျှပ်စစ်ဝန်ကြီးက ရှင်းပြသည်။

မီတာခတိုးမြှင့်ကောက်ခံရန် မတ်လ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားသည့် နှုန်းထားအရ အိမ်သုံးယူနစ် တစ်ရာအထိ ၃၅ ကျပ်၊ ယူနစ် ၁၀၁ မှ ၂၀၀ အထိ ၄၀ ကျပ်၊ ၂၀၁ ယူ နစ်နှင့် အထက်ကို ၅၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။

စက်မှုလုပ်ငန်းသုံးများအဖြစ် ယူနစ် ၅၀၀ အထိ ၇၅ ကျပ်၊ ယူနစ် ၅၀၁မှ ယူနစ် တစ်သောင်းအထိ ၁၀၀ ကျပ်၊ တစ်သောင်းတစ်ယူနစ်မှ ငါးသောင်းအထိ ၁၂၅ကျပ်၊ ငါးသောင်းတစ်ယူနစ်မှ နှစ်သိန်းအထိ ၁၅၀ ကျပ်၊ နှစ်သိန်းတစ်ယူနစ်မှ သုံးသိန်းအထိ ၁၂၅ ကျပ်၊ သုံးသိန်းတစ်ယူနစ်မှ အထက် ၁၀၀ ကျပ် တွက်ချက် ကောက်ခံသွားမည်ဖြစ်သည်။

No comments: